တံတားနီ အရေးအခင်း နှစ်ပါတ်လည်နေ့ ကျင်းပမည်
2014.03.12

လာမယ့် မတ်လ ၁၆ ရက်နေ့မှာကျရောက်မယ့် ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီအရေးအခင်း ၂၆ နှစ်မြောက် နှစ်ပတ် လည်နေ့ကို ပြည်လမ်း၊ အင်းယားကန်ဘောင်မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီနေ့မှာ မျိုးဆက်သစ်ကျောင်း သားတွေကို ကျောင်းသားသမဂ္ဂအလံ လွှဲအပ်သွားမယ် လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ က ပြောပါတယ်။
၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က ရန်ကုန်တက္ကသိုလ် နဲ့ စက်မှုတက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေ ဟာ တစ်ပါတီအာဏာရှင်စနစ်ကို ကန့်ကွက် ဆန္ဒပြရင်း ပြည်လမ်းတံတားဖြူနားမှာ ဖြိုခွင်းခံခဲ့ရပြီး အဲဒီနေ့ကို တံတားနီနေ့အဖြစ် သတ်မှတ်ခဲ့တာလို့ သိရပါတယ်။
နောင်မျိုးဆက်သစ်တွေအနေနဲ့ မတ်လ ကျောင်းသား အရေးအခင်းကို မမေ့ကြဖို့အတွက် ရည်ရွယ်ပြီး ဒီနှစ်အခမ်းအနားကို ကျင်းပသွားမှာဖြစ်တယ်လို့ အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းဇေယျာက ပြောပါတယ်။
"ရှစ်လေးလုံး ဒီမိုကရေစီ ဖြစ်ပေါ်လာဖို့အတွက် အဓိကတွန်းအားပေးခဲ့တဲ့ မတ်လကျောင်းသားအရေးအခင်းကို ပြည်သူတွေပိုပြီးတော့ သိရှိနားလည်နိုင်ဖို့ပေါ့၊ ၁၉၈၈ ခုနှစ် မတ်လ ကျောင်းသားအရေးအခင်းကနေစပြီးတော့ ဒီမိုကရေစီ အရေးတော်ပုံအတွင်းမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားတွေအားလုံးကို သတိရနေအောင် အသိအမှတ်ပြုတဲ့ သဘောပေါ့၊ နိုင်ငံရေးအခြေအနေအရ ကျနော်တို့လိုလားတဲ့ ဒီမိုကရေစီ ရရှိရေးအတွက်ကို ၈၈ အရေးတော်ပုံကစပြီးတော့ အခုအချိန်အထိ ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျနော်တို့ တပ်လှန့်နှိုးဆော်တဲ့ သဘောပေါ့နော်"
ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီအရေးအခင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို နှစ်တိုင်းကျင်းပခဲ့ကြပေမဲ့ တရားဝင်ကျင်းပခွင့်ရတာ ဒီနှစ် တတိယအကြိမ်မြောက်ဖြစ်တယ်လု့ိ သိရပါတယ်။
အဲဒီအခမ်းအနားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးအခင်းမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်း သားဟောင်းတွေအပြင် တက္ကသိုလ်ပေါင်း၂၀ က ကျောင်းသားသမဂ္ဂတွေ၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်က အဖွဲ့ဝင်တွေ တက်ရောက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။