ကပ်ရောဂါကြောင့် ကျောက်မျက်နဲ့ အခြားဌာနတချို့ အခွန်ငွေရရှိမှု ကျဆင်း
2020.08.07
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ (၆)လပတ်မှာ၊ အစိုးရဝန်ကြီးဌာနအတော်များများ သတ်မှတ်လျာထားချက်ထက် အခွန်ငွေပိုရခဲ့ပေမယ့်၊ ကျောက်မျက်ဌာနအပါအဝင် တချို့ဝန်ကြီးဌာနတွေကတော့ ကိုရိုနာကပ်ရောဂါကြောင့် အခွန်ရရှိမှုကျဆင်းခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲမြင့်ဆွေ က ပြောလိုက်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ဒါဟာ ကပ်ရောဂါမတိုင်မီ အခွန်ရရှိမှုဖြစ်ပြီး၊ ကပ်ရောဂါကာလကို ရင်ဆိုင်ခဲ့ရတဲ့ ဒုတိယ (၆)လပတ်မှာ၊ အခွန်ငွေရရှိမှု ထိခိုက်ကျဆင်းနိုင်တယ်လို့ သုံးသပ်ပါတယ်။
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ (၆) လပတ် အတွက်၊ အခွန်ငွေ ကျပ်သန်းပေါင်း (၁၅,၀၀၀) နီးပါး ရရှိဖို့ လျာထားခဲ့ပြီး၊ ပတ်ဝန်းကျင်းထိန်းသိမ်းရေးနဲ့ သစ်တောရေးရာကဏ္ဍကနေ ကျပ်သန်းပေါင်း (၆,၀၀၀) နီးပါးနဲ့ သတ္ထုကဏ္ဍကနေ ကျပ်သန်းပေါင်း (၁၃,၀၀၀) ကျော် ရရှိခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာ ဒုဝန်ကြီး ဦးရဲမြင့်ဆွေက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ကဏ္ဍနှစ်ခုကနေ ရရှိတဲ့အခွန်ငွေဟာ ကျပ်သန်းပေါင်း (၁၉,၀၀၀) ကျော် ရရှိခဲ့တာကြောင့် မူလလျာထားချက်ထက် ပိုရခဲ့ပေမယ့်၊ ကျောက်မျက်ရောင်းချမှုကနေ ရရှိတဲ့အခွန်ငွေကတော့ လျော့နည်းသွားတယ်လို့ ဒုဝန်ကြီး ဦးရဲမြင့်ဆွေက ပြောပါတယ်။
"ကိုဗစ်ရောဂါဖြစ်စဉ်တွေကြောင့် ကျောက်မျက်လုပ်ငန်းရှင်များရဲ့ တင်ပြချက်ပေါ်မှာ ဝန်ကြီးဌာနကနေ စီမံခန့်ခွဲရေးကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီပါဝါပွိုင့်မှာဖော်ပြတဲ့ဇယားအတိုင်း ရတနာခွန်ပေးချေမှုကာလတွေ ဖြေလျော့သတ်မှတ်ပေးခဲ့ပါတယ်။ တင်ပြပါ ဇယားအရ ကျတော်တို့က ၅ ရက် ၈လ ၂၀၂၀ နေ့အထိ ရတနာခွန် ကျပ် ၄၉၆၈.၉၅၆သန်း ပေးသွင်းပြီးခဲ့တဲ့အတွက် အခုချိန်ထိ စုစုပေါင်း ၇၅.၉၃ ရာခိုင်နှုန်း ရရှိပြီးဖြစ်ပါတယ်။ ၅ ရက် ၈လ ၂၀၂၀ နေ့မှာ ပေးသွင်းရန်ကျန် ကျပ် ၁၅၇၄.၉၄၅ သန်းကျန်ရှိတဲ့အတွက် ပေးသွင်းရန်ကျန်ရှိတာကတော့ ၂၄.၀၇ ရာခိုင်နှုန်း ပဲဖြစ်ပါတယ်"
တဆက်တည်းမှာပဲ ဒုဝန်ကြီးက ကပ်ရောဂါအလွန်ကာလတွေမှာ၊ ကျောက်မျက်ရတနာတွေကို ပိုမိုရောင်းချနိုင်ရေး အတွက် အရောင်းပြပွဲတွေအပြင် Gems Trading Centerတွေကို ဖွင့်လှစ်ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
ကျောက်မျက်ရတနာ ရောင်းချပွဲတွေကို တစ်နှစ်မှာ မြန်မာကျပ်ငွေနဲ့ ရောင်းချပွဲ နှစ်ကြိမ်၊ နိုင်ငံခြားငွေနဲ့ ရောင်းချပွဲကို နှစ်ကြိမ်စီ ကျင်းပလေ့ရှိပေမယ့် ကပ်ရောဂါကာလမှာ ရပ်နားထားရပါတယ်။
ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက်၊ အစိုးရဝန်ကြီးဌာနတွေရဲ့ အခွန်ငွေ ရရှိမှုနဲ့ ပတ်သက်ပြီး၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ တွေ့ရှိချက်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ်၊ နေပြည်တော်ကောင်စီအပါအဝင် ဝန်ကြီးဌာန ခုနှစ်ခုက လာရောက် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကတော့၊ မြန်မာနိုင်ငံမှာ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေ များနေတဲ့အပေါ် ပြန်လည်သုံးသပ်ဖို့ တင်ပြခဲ့ပါတယ်။
"ဝင်ငွေခွန်ဆိုင်ရာ ကင်းလွတ်ခွင့်သက်သာခွင့်များနဲ့ စပ်လျဉ်းပြီးတော့ အခွန်ကင်းလွတ်ခွင့်များကို အခွန်ဥပဒေဖြင့်မဟုတ်ဘဲ သက်ဆိုင်ရာဥပဒေများ စာချုပ်များဖြင့် ကင်းလွတ်ခွင့် ပြုနေရခြင်းဟာလည်း အခွန်အချိန်ချဲ့ထွင်နိုင်ခြင်းအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း များကလည်း မိမိတို့နိုင်ငံမှာ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေဟာ များပြားနေတယ်ဆိုတဲ့ အကြောင်းကို ထောက်ပြလျက်ရှိပါတယ်။ အခွန်ဆိုတာမှာ ပြည်သူများနဲ့ သက်ဆိုင်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် တစ်ဦးတစ်ယောက် ပုဂ္ဂိုလ်တစ်စုကို အခွန်ကင်းလွတ် သက်သာခွင့်ပြုလိုက်ခြင်းဟာ ပြည်သူအများပိုင်ဆိုင်တဲ့ ဥစ္စာဓနတွေကို ထိုတစ်ဦးတစ်ယောက် ပုဂ္ဂိုလ်တစ်စုအား ခွဲဝေပေးလိုက်ရတဲ့ သဘောဖြစ်ပါတယ်"
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် စာရင်းအရ၊ အခွန် ၂၂ မျိုးထဲမှာ အခွန် ၁၅ မျိုးကို၊ လျာထားချက် ကျော်လွန်အောင် ကောက်ခံနိုင်ခဲ့ပြီး၊ ကျပ်ငွေ ဘီလျံ (၄၀၀၀) ကျော် ကောက်ခံရရှိခဲ့တယ်လို့ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင်လ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာလကနေ အခု ၂၀၂၀ မတ်အထိ ကာလဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ (၆) လပတ်ကာလ ဖြစ်ပါတယ်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အတွက်၊ အခွန်ငွေလျာထားချက်က ကျပ်ငွေ ဘီလျံ (၃,၀၀၀) ကျော်ဖြစ်ပြီး၊ လက်တွေ့ ကောက်ခံရရှိမှုက ကျပ်ငွေ ဘီလီယံ (၄,၀၀၀) ကျော်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်သူ့လွှတ်တော် ပြည့်သူ့ငွေစာရင်းကော်မတီဝင် NLD ပါတီ၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုကတော့၊ ပထမ ၆ လပတ်မှာ အခွန်ငွေ တိုးလာပေမယ့်၊ ကိုရိုနာကပ်ရောဂါကာလကို ရင်ဆိုင်ခဲ့ရတဲ့ ဒုတိယ ၆ လပတ်မှာတော့ အခွန်လျာထားချက်ထက် လျော့နည်းနိုင်တယ်လို့ သုံးသပ်ပါတယ်။
"မတ်လနောက်ပိုင်းကစပြီး ကိုဗစ်ရာသီဖြစ်လာတယ် ဖြစ်လာတော့ ကိုဗစ်ရာသီမှာ အခွန်ထမ်းဆောင်မှုက လူမစုဝေးရတို့ ရုံးဌာနတွေ ပိတ်တာတို့ လူတွေ အသွားအလာမရှိတာတို့စသဖြင့် နောက်ပြီး စီးပွားရေး လုပ်ငန်းတွေကလည်း ဒီအချိန်မှာကျလာ စက်ရုံအလုပ်ရုံတွေလည်း ပိတ်ရတာဆိုတော့ အခွန်အကောက်က ဒီကျန်တဲ့ ခြောက်လအတွက်က ရဖို့အတွက်ကြတော့ လျာထားသလောက်ရဖို့ အလားအလာကတော့ သိပ်မရှိဘူးလို့မြင်တယ်၊ ကျန်တဲ့လျာထားချက်က ဒီတစ်နှစ်ကုန်တဲ့ အခါကြရင်တော့ အဓိက အားကိုးရမှာက ခုနပြောတဲ့ ပုဒ်မ ၂၅ ကနေ ရနိုင်တာလေး တစ်ခုရှိနိုင်တယ် နောက်တစ်ခုက ဆက်သွယ်ရေးက ရမယ့်အခွန် အကောက်ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ကောက်တဲ့ဟာလေးပေါ့ ဒီလောက်ပဲ အများဆုံးရနိုင်မယ် "
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦးကတော့၊ အစိုးရ ဝန်ကြီးဌာန ၂၄ ခုမှာ ငွေလုံးငွေရင်း၊ ရငွေသုံးငွေ၊ ကြွေးမြီရငွေတို့မှာ ရည်မှန်းချက်ထက် လျော့နည်းခဲ့တဲ့ ဝန်ကြီးဌာန ၁၈ ခုရှိလို့၊ အားနည်းချက် အားသာချက်တွေကို ဖော်ထုတ်ပြီး ပြုပြင်သင့်တာတွေကို ပြုပြင်သွားဖို့ သြဂုတ်လ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝးမှာ အကြံပြုဆွေးနွေးခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ပထမ ၆လပတ်ကာလတုန်းက၊ အခွန်ငွေ ကျပ်ငွေ (၄၀၄၂) ဘီလျံ ကျော်ရရှိခဲ့ပြီး ဒီနှစ် ပထမ ၆ လပတ်မှာ၊ ကျပ်ငွေ (၄၀၆၉) ဘီလျံကျော် ရရှိခဲ့တာကြောင့်၊ အခွန်ငွေ အနည်းငယ်တိုးလာကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။