နောင်ချိုမှာ တိုက်ပွဲထပ်ဖြစ်မှာစိုးရိမ်လို့ ဒေသခံတစ်ထောင်ခန့် ထွက်ပြေးရ
2023.04.19

စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲကရွာတွေနဲ့ နီးစပ်တဲ့ ဒိုးပင်နဲ့ ကုလားကွဲရွာက ဒေသခံတစ်ထောင်ခန့်ဟာ ဧပြီလ ၁၉ ရက်နေ့မှာတော့ တိုက်ပွဲထပ်ဖြစ်မှာစိုးရိမ်ပြီး ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပြီးခဲ့တဲ့ရက်တွေမှာ PDF က ဟိုခိုဘက်မှာရှိနေတာ။ အခု အဲဒီဘက်ကအဖွဲ့တွေ ပြန်ဆုတ်လာတော့ တိုက်ပွဲဖြစ်မယ်ထင်ပြီး ဒိုးပင်၊ ကုလားကွဲဘက်က ရွာသားတွေက သူတို့ရွာနဲ့နီးလာလို့ ပြေးကြတာပေါ့။ ဟိုခိုဘက်ကတော့ ငြိမ်သွားတာ နှစ်ရက်လောက် ရှိပြီ"
ဟိုခို၊ ဟိုခဲ၊ သံဘို၊ ကုန်းကြီး စတဲ့ရွာတွေမှာ ဧပြီလ ၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
အဲဒီလေးရွာအပါ၀အင် အနီးအနားရွာတွေက ဒေသခံ သုံးထောင်ကျော်ကတော့ ဧပြီလ ၄ ရက်နေ့ကတည်းက နောင်ချိုမြို့ပေါ်နဲ့ နီးစပ်ရာဘုန်းကြီးကျောင်းတွေထံ ထွက်ပြေး တိမ်းရှောင်ခဲ့ရတာပါ။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဟိုခဲရွာမှာလည်း ဧပြီလ ၁၈ ရက်နေ့ မနက် ၈ နာရီခန့်က အသက် ၅၀ ကျော်အရွယ် ဦးဝါယမ မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တယ်လို့ ဟိုခဲဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေငြိမ်သွားလို့ ရွာကိုပြန်တဲ့အချိန် မိုင်းနင်းမိတာဖြစ်ပြီး ဒဏ်ရာရသူကို ပြင်ဦးလွင်စစ်ဆေးရုံဆီ ပို့လိုက်တယ်လို့ သူ့အနေနဲ့ သိထားရကြောင်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနက်ပိုင်း အိမ်ပြန်တဲ့အချိန် ရွာထဲဝင်မလို့လုပ်တော့ စစ်တပ်ကမိုင်းရှင်းရဦးမယ် နေဦးလို့ပြောလို့ ကျနော်တို့ စောင့်နေတာ။ သူကတော့ အပြင်ခဏသွားမယ်ဆိုပြီး ကားလမ်းပေါ်ကနေ လမ်းဘေးထွက်သွားတာပေါ့။ အဲဒါ သွားနင်းမိတာ။ ခြေထောက်နှစ်ဘက်လုံးမှာ ဒဏ်ရာရသွားတယ်"
ဧပြီလ ၁၈ ရက်နေ့မှာတော့ တိုက်ပွဲတွေငြိမ်သက်သွားလို့ ဒေသခံရွာသားအချို့ သူတို့နေအိမ်တွေကို ပြန်ကြည့်နေကြတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်က တိုက်ပွဲကြောင့် သံဘိုရွာကလေးငယ်နှစ်ဦး သေဆုံးခဲ့ရပြီး ဒေသခံသုံးဦး ဒဏ်ရာရခဲ့သလို အိမ်ခြေ ၇၀ ခန့်ရှိတဲ့ ဟိုခဲရွာမှာလည်း အိမ်ခြေ ၂၀ နီးပါး လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူကတော့ သပြေညိုစစ်ဆင်ရေးအဖြစ် နောင်ချိုမြို့နယ်ကရွာအချို့မှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ပြောပါတယ်။