ကန့်ဘလူမှာ စစ်ကြောင်းဝင်တာ သုံးရက်ရှိလာပြီး ထွက်ပြေးရသူ တစ်သောင်းနီးပါးရှိလာ

RFA Burmese
2023.09.06
ကန့်ဘလူမှာ စစ်ကြောင်းဝင်တာ သုံးရက်ရှိလာပြီး ထွက်ပြေးရသူ တစ်သောင်းနီးပါးရှိလာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များ နေထိုင်သည့် တဲများအား ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။
ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့ကတည်းက အင်အား နှစ်ရာခန့်ပါတဲ့ စစ်ကြောင်း ရွာတွေထဲ စီးနင်းဝင်ရောက်နေတာကြောင့် စက်တင်ဘာ ၆ ရက်နေ့အထိ ဒေသခံတစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲက လယ်လှ၊ မြိုင်သာယာ၊ ဉာဏ်အင်း၊ ရွာမ၊ ရွာသစ်၊ အင်းလယ်ကြီး၊ ထိန်တော စတဲ့ရွာ ဆယ်ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

အဲဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာလည်း လယ်လှရွာကို မီးရှို့နေသလို လယ်လှရွာနဲ့ တစ်မိုင်ခန့်သာဝေးတဲ့ မြိုင်သာယာရွာကိုပါ ဆက်လက် မီးရှို့နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"လယ်လှကိုမီးရှို့ပြီး အခုမြိုင်သာယာရွာဘက်ကို ဝင်ရှို့နေတယ်။ ဒီမနက်ဆို မိုးကလည်းရွာနေတာ။ ထွက်ပြေးရတာ တော်တော်လေး ဆင်းရဲပင်ပန်းပါတယ်။ တောတိုက်တွေထဲ သွားရလာရတာ။ စစ်ကြောင်းကရှိနေသေးတော့ ရွာလည်း မပြန်နိုင်ကြသေးဘူး"

စစ်ကြောင်းပြန်မထွက်သေးတာကြောင့် မီးရှို့ခံနေရတဲ့ လယ်လှနဲ့ မြိုင်သာယာရွာရဲ့ ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ကန့်ဘလူမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေဟာ စစ်ဘေးရှောင်ရင်း မြွေဆိုးကိုက်ခံရတဲ့ အခြေအနေတွေနဲ့ပါ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီ ပေးနေသူတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ တစ်လတည်းမှာတင် ကန့်ဘလူခရိုင်ထဲမှာ စစ်ဘေးဒုက္ခသည် ၁၁ ဦး မြွေဆိုးကိုက်ခံခဲ့ရပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၃၀ ရက်ကလည်း အင်တောပေါက်မှာနေထိုင်တဲ့ အသက် ၆၀ အရွယ် ဦးကံထွန်း၊ ဖလံချိုင်ရွာက ၂၅ နှစ်အရွယ် ကိုကောင်းမြတ်နဲ့ ရင်ငတ်ကုန်းရွာက ၁၉ နှစ်အရွယ် ကိုရဲမင်းတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး (၇၇၈,၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။