ခင်ဦးမှာ စစ်ကြောင်းထိုးလာလို့ ဒေသခံ ငါးထောင်ကျော်တိမ်းရှောင်

RFA Burmese
2024.01.16
ခင်ဦးမှာ စစ်ကြောင်းထိုးလာလို့ ဒေသခံ ငါးထောင်ကျော်တိမ်းရှောင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို ဇန်နဝါရီလ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်ကလာတဲ့ အင်အား ခုနစ်ဆယ်ခန့်ပါ စစ်ကြောင်းက ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကန့်ဘလူမြို့နယ်ကလာတဲ့ အင်အား ရှစ်ဆယ်ခန့်ပါတဲ့စစ်ကြောင်းက ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကြောင်း ထိုးလာတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွှေဘိုကထွက်လာတဲ့ စစ်ကြောင်းက သံဘိုရွာ တောင်ဘက်ရောက်နေပြီ။ ကန့်ဘလူဘက်မှာ မီးရှို့ခဲ့တဲ့ စစ်ကြောင်းကကျတော့ ခင်ဦးမြောက်ခြမ်းက ပိတောက်ကုန်းရွာကို ပစ်ခတ်ပြီးဝင်နေပြီ အခုအဲဒီနားက ဒေသခံတွေ ထွက်ပြေး နေရတာပေါ့"

လက်ရှိမှာ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းက သံဘို၊ ကျီးကန်၊ ကြို့ကန် စတဲ့ရွာတွေနဲ့ ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းက ပိတောက်ကုန်း မိုးနတ်၊ နှဲတွင်း၊ ငကြိုင်း စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ခင်ဦးမြို့နယ်ဘက်က အခြေအနေအစိတ်ကို မသိရသေးဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂.၆ သန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။