လက်နက်ကြီးကြောင့် ကျောက်ကြီးမြို့နယ် ဒေသခံ ၂၅၀၀ ကျော် ထွက်ပြေး

RFA Burmese
2023.03.19
လက်နက်ကြီးကြောင့် ကျောက်ကြီးမြို့နယ် ဒေသခံ ၂၅၀၀ ကျော် ထွက်ပြေး ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာသို့ ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်ခွံတစ်ခုကို တွေ့ရစဉ်။
KNU

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် ခလရ (၆၀) က မတ်လ ၁၈ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာလေးရွာက ဒေသခံ ၂၆၉၆ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ်လ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ထွနီကုန်းရွာ၊ ဆေးပုလဲရွာ၊ ရေလဲ (ကရင်) ရွာနဲ့ ရေလဲ (ဗမာ) ရွာ လေးရွာက အိမ်ထောင်စု ၅၁၁ က လူဦးရေ ၂၆၀၀ ကျော် ထွက်ပြေးနေရတာလို့ဆိုပါတယ်။

နှောင်ကုန်းရွာကနေ စစ်ကောင်စီတပ် ခလရ (၆၀) က လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ ရေလဲ (ကရင်) ရွာထဲကို လက်နက်ကြီးကျည် ခြောက်လုံးကျရောက်ပေါက်ကွဲပြီး နွားသုံးကောင် ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒီပစ်ခတ်မှုအတွက် အရပ်သားတွေက ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၃) က ထိန်းချုပ်ထားတဲ့ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ လက်တလော KNLA တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိပါဘူး။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ KNLA တပ်တွေ အကြား တိုက်ပွဲပေါင်း ရှစ်ထောင်ကျော် ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။