မြစ်ခြေ - ကျွန်းချောင်းဒေသကို စစ်ကြောင်းဝင်လာလို့ ဒေသခံတစ်ထောင်ခန့်ထွက်ပြေးရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ - ကျွန်းချောင်းဒေသမှာရှိတဲ့ ရွာသုံးရွာကို မေလ ၂ ရက် မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ တစ်ထောင်ဝန်းကျင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်လှ၊ အိုင်ကြီးနဲ့ ငွေသောင် ရွာသုံးရွာက ဒေသခံတစ်ထောင်ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးအမှတ် (၁) တပ် (BPI) ကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဖွဲ့ သုံးဖွဲ့ခွဲပြီး ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်လှရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနက်ကြီးက သူတို့ (BPI) တပ်ကနေ သိမ်တော်အတိုင်းထွက်လာပြီးတော့ ကျွန်တော်တို့ ရွာခေါင်းရင်းက တစ်ဖွဲ့ရယ်၊ ကျွန်းပြင်ဘက်ကို တစ်ဖွဲ့ရယ်၊ ကားလမ်းအတိုင်းတစ်ဖွဲ့ရယ်၊ သုံးဖွဲ့ခွဲပြီးတော့ တောင်အတိုင်း တက်လာတာ။ လာပြီးတော့ လှေဆိပ်ကဆိုင်ကယ်တွေ ယူသွားတယ်။ ငွေသောင်ထဲကလည်း ဆိုင်ကယ်တော်တော်များများ ယူသွားတယ်လို့ပြောတယ်ဗျ"
လက်ရှိထွက်ပြေးနေရလို့ စစ်ကောင်စီတပ်သားတွေ အခြားရွာတွေကို ဝင်ရောက်မှု ရှိ၊ မရှိကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ရွာတွေထဲကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ချိန်မှာ မပြေးနိုင်သူတွေနဲ့ သက်ကြီးရွယ်အိုတွေကျန်ခဲ့ပေမယ့် ဖမ်းဆီးခံရမှု ရှိ၊ မရှိကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁ ရက်နေ့က အိုင်ကြီးရွာဘက်မှာ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးတယ်လို့ ကြားရသလို ပုဂံဘက်မှာလည်း စစ်ကောင်စီရဲ့ ထိပ်ပိုင်းလူကြီး တစ်ဦး လာဖို့ရှိလို့ လုံခြုံရေးအရ ဒီဘက်ကမ်းကို စစ်ကြောင်းထိုးနေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
မတ်လကလည်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ညောင်လှ၊ အိုင်ကြီး၊ ငွေသောင်၊ လက်ပံချောင်း၊ ကျွန်းချောင်းလေး၊ မြို့စိုး၊ ပေါက်တော၊ ချမ်းသာကြီး၊ ကံကြီးစု၊ ညောင်နီပင်၊ ဆယ်လံ၊ သီရိကြီး၊ သီရိလေးနဲ့ သိမ်တော်ရွာ စတဲ့ရွာပေါင်း ၁၅ ရွာက ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက်စာရင်းအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော်လာပါပြီ။