စစ်ကိုင်းမြို့နယ်မှာ အရပ်သားလေးဦး သတ်ဖြတ်ခံရပြီး ဒေသခံငါးထောင်နီးပါး ထွက်ပြေးနေရ
2023.09.15

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အရပ်သားလေးဦး သတ်ဖြတ်ခံရသလို မြင်းဆည်ရွာအပါအဝင် ရွာခုနစ်ရွာက ဒေသခံ ငါးထောင်နီးပါးလည်း ထွက်ပြေးနေရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၃၀ ကနေ ၄၀ ကျော်အရွယ် ကိုဇော်မင်း၊ ကိုသိန်းဇော်၊ ကိုတေဇာဦးနဲ့ ကိုကျော်ထွန်းနိုင်တို့ဖြစ်ပြီး နွားစာကျွေးဖို့ ရွာကိုအပြန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံရပြီး သတ်ဖြတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က မနက်အစောကြီး အဲဒီရွာဘက်ကို စစ်ကြောင်းထိုးတော့ အကုန် ထွက်ပြေးကြတာ။ ညနေဘက်ကျတော့ ရွာမှာထားခဲ့တဲ့ နွားတွေ အစာပြန်ကျွေးဖို့ဆိုပြီး သူတို့က ရွာထဲပြန်ဝင်သွားတာ။ အဲဒီမှာ ရွာရဲ့ မြောက်ဘက်အဖျားမှာ ပစ်သတ်ခံရတာ"
စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းက သုံးလင့်၊ မြစ်သာ၊ မြင်းဆည်၊ ကင်းတော်၊ ကိုင်းပြင်၊ လက်ပန်တော၊ ဥယျာဉ် စတဲ့ရွာတွေကို စစ်ကြောင်းထိုးနေလို့လည်း ဒေသခံ ငါးထောင်နီးပါးထွက်ပြေးနေရပြီး ဒီနေ့ထိ ရွာတွေကို မပြန်နိုင်သေးဘူးလို့ သူကဆိုပါတယ်။
ဒီစစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကိုင်းမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က RFA ကိုပြောပါတယ်။
ဒီကိစ္စနဲ့တွေပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကတော့ အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဧရာဝတီမြစ်ကမ်းဘေး ကင်းတော်ရွာ အရှေ့ဘက် ဘုရားကုန်းအနီးက PDF တပ်ဖွဲ့စခန်း တစ်ခုကို စီးနင်းခဲ့ပြီး အဲဒီစခန်းမှာရှိနေတဲ့ PDF ၁၇ ဦးနဲ့ အရပ်သား သုံးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ရှစ်သိန်းကျော် (၈၁၃,၂၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။