တနင်္သာရီမြို့နယ် လယ်သစ်ရွာက စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် အကူအညီလိုအပ်

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ပြီးခဲ့တဲ့ မတ်လကတည်းက တိမ်းရှောင်နေရတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာက စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ဟာ အခု တစ်လကျော်တဲ့အထိ ရွာကို မပြန်ရဲဘဲ အစားအစာနဲ့ ဆေးဝါး လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
တနင်္သာရီမြို့နယ် ဆန်းသစ်ရွာ ဘုရားကုန်းပေါ်မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်က မတ်လ ၁၀ ရက် မနက် ၇ နာရီလောက်မှာ လယ်သစ်ရွာကို အမြောက်တွေ၊ လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်ကျော်အရွယ် ယောင်္ကျားလေးတစ်ဦး သေဆုံးပြီး၊ သက်ကြီးရွယ်အိုတချို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ကစလို့ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
၁၂၀ မမ လက်နက်ကြီးကျည်ဆန်တွေ ရွာထဲကျလာတာကြောင့် ရွာလုံးကျွတ်နီးပါးဖြစ်တဲ့ လူဦးရေ နှစ်ထောင်ခန့် ဘေးလွတ်ရာမှာ ပုန်းရှောင်နေရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်အဘွားဆို အသက်တော်တော်ကြီးနေပြီ၊ အားလုံး လယ်သစ်ရွာကချည်းပဲ လူဦးရေ နှစ်ထောင်နီးပါးရှိတယ်။ ရွာအနေအထားက အရှေ့ကမ်း၊ အနောက်ကမ်းဆိုပြီး ရှိတာပါ။ အားလုံး ထွက်ပြေးကြရတာပေါ့။ ရွာထဲကျလာတဲ့ လက်နက်ကြီးတွေက အကြီးကြီးတွေလေ၊ လူတွေသေတော့ ပြေးရတာပေါ့။ လက်နက်တွေက ၁၂၀ မမ လို့လည်း ပြောပါတယ်"
သူတို့အားလုံး နီးစပ်ရာ ဥယျာဉ်ခြံတွေ၊ တောစပ်နဲ့ တောင်ပေါ်တွေမှာ ရှောင်တိမ်း နေရတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရ ဦးယဉ်ထွေးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
တနင်္သာရီ ကာကွယ်ရေးပြောက်ကျားအဖွဲ့ကတော့ ဒီလိုကျည်ဆန်တွေကို အမြောက်တပ် တွေကသာသုံးလေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။
"လာပစ်တဲ့အဖွဲ့က အမြောက်တပ်ကလို့ပဲ ပြောရမှာပေါ့ဗျာ။ ဒီလို ၁၂၀ မမ လက်နက်တွေက သူတို့မှာပဲ ရှိကြတာကိုး။ ခလရ၊ ခမရ တပ်တွေအနေနဲ့ကတော့ စစ်ကြောင်းသွား ခြေလှမ်းသမားတွေဆိုတော့ ဒီလောက်ကြီးတဲ့ လက်နက်ကြီးတွေ မသယ်နိုင်လောက်ဘူးလေ"
တနင်္သာရီမြို့နယ်၊ သမုတ်ချုံးကျေးရွာဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဧပြီ ၁၀ ရက်နေ့ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ တစ်သန်း ရှစ်သိန်းကျော် ရှိနေပါတယ်။
အဲဒီထဲက တစ်သန်းခွဲ နီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ အသစ်တိုးလာတဲ့ ဒုက္ခသည် အရေအတွက်ဖြစ်ပြီး ကျန် သုံးသိန်းကျော်က အာဏာမသိမ်းခင်ကတည်းက ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်ပါတယ်။