မလေးရှားမှာ ဒုက္ခသည်များ အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို
2011.03.02

မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ စာရင်းအရ ဒုက္ခသည်ပေါင်း ၉၃,၀၀၀ နီးပါး ရှိပြီး ဒီအထဲက ၈၄,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံ အရပ်ရပ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။
မလေးရှားအစိုးရဟာ ရှိပြီးသား လူ့အရင်းအမြစ်တွေကို ပါးပါးနပ်နပ် အသုံးမချတာ တွေ့ရကြောင်း မလေးရှားအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Suaram က ဝေဖန်ပါတယ်။
မလေးရှားမှာ အလုပ်သမား ရှားပါးမှု ဖြစ်ပေါ်နေတဲ့အတွက် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းတွေအတွက် အလုပ်သမား တင်သွင်းတာကို ရပ်ထားရာကနေ အိန္ဒိယနိုင်ငံက အလုပ်သမား ၄၅,၀၀၀ ကို ခေါ်ယူခွင့် ပြုလိုက်ကြောင်း မလေးရှား အစိုးရ အလုပ်သမားရေးရာ ဝန်ကြီးက မနေ့က ပြောကြား ပြောကြားအပြီး လူ့အခွင့်အရေးအဖွဲ့တွေက အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
မလေးနိုင်ငံသား အိန္ဒိယနွယ်ဖွား လုပ်ငန်းရှင်တဦးက တောင်းဆိုတာကြောင့် အိန္ဒိယနိုင်ငံက အလုပ်သမား တင်ပို့တာကို မလေးရှားအစိုးရက ပြန်ဖွင့်ပေးတာလို့ ဆိုပါတယ်။
မလေးရှားနိုင်ငံမှာ အလုပ်သမား ၁၂ သန်း ရှိပြီ ၂ သန်းကျော်ဟာ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တရားမဝင် အလုပ်လုပ်နေတဲ့ အလုပ်သမားအရေအတွက်ကလည်း သိန်းချီရှိတယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံဟာ လုပ်ခနည်း အလုပ်ကြမ်းအလုပ်တွေအတွက် မြန်မာ၊ အင်ဒိုနီးရှား၊ အိန္ဒိယ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတွေ အလုပ်သမားတွေကို ခေါ်ယူ အသုံးပြု နေရပါတယ်။