ကချင်ပြည်နယ်မှာ စစ်မီးငြိမ်းဖို့ အလှမ်းဝေးနေဆဲ

ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာ အစိုးရက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို ကတိပေး ပြောဆိုခဲ့ပေမယ့် ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

2011.12.04
kachin_state_map_305_z.jpg မြန်မာနိုင်ငံ၏ မြောက်ဖက်ဆုံးတွင် တည်ရှိသော ကချင်ပြည်နယ်သည် အင်အားကြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေပါသည်။ (Map: RFA)
Map: RFA

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ KIO အဖွဲ့ ကိုယ်စားလှယ်တွေ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ကြပေမယ့် အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဘက် သဘောတူညီချက် ရရှိဖို့ အခြေအနေ ဝေးနေသေးတယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောပါတယ်။

“ဗဟိုဌာနချုပ်နဲ့ နီးတဲ့ ဒီခွင်ထဲမှာ မနေ့က တကြိမ်ဖြစ်တယ်။ တပ်မဟာ (၃) မိုင်ဂျာယန်ခွင်မှာလည်း ပြင်းပြင်းထန်ထန် ဖြစ်တယ်။ မိုင်ဂျာယန်ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမယ့် လက်နက်ကြီးသံတွေ အတိုင်းသား ကြားနေရတယ်”

လက်ရှိ KIO ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ စစ်ပြေးဒုက္ခသည်ဦးရေ တနေ့ထက် တနေ့ တိုးပွားလာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ဒုက္ခသည် အရေအတွက် ၃ သောင်းလောက် ရှိရာကနေ ဒီဇင်ဘာ လဆန်းပိုင်းမှာ ၃ သောင်း ၄ ထောင်ကျော် ရှိသွားပြီလို့ ဦးလနန်က ပြောပါတယ်။

ကချင်ပြည်နယ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် အစိုးရနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ KIO အနေနဲ့ အဓိက လိုလားကြောင်းလည်း ဦးလနန်က ဆိုပါတယ်။

“သူတို့ရဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း ပြောတဲ့အထဲမှာ ဒီလိုမျိုး ထပ်ခါတလဲ တွေ့ဆုံရမယ့်အကြောင်း ပါတယ်။ အဲဒီလို တွေ့တဲ့အခါမှာ ကျနော်တို့ဘက်က အဖွဲ့တွေကလည်း ဒီကိစ္စတွေကို ငြင်းချက်ထုတ်တာတွေ ဘာမှ မလုပ်ခဲ့ဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် နောက်နောင်လည်း သူတို့ အစိုးရဘက်က ကမ်းလှမ်းဖို့ ရှိလာရင်လည်း ကျနော်တို့ဘက်ကလည်း တွေ့ဖို့ အဆင်သင့်ပါ”

ဒီလလယ်ပိုင်းမှာ ပြည်ထောင်စုတပ်မတော် Union Army ဖွဲ့စည်းထူထောင်မယ့် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့လည်း ပါဝင်ပါတယ်။ ပြည်ထောင်စု တပ်မတော်ဟာ အခု နှစ်ဆန်းပိုင်းက ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ဦးဆောင်မှုအောက်မှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။