မဲလက်မှတ်တွေမှာ ပယ်ချခံကိုယ်စားလှယ်လောင်း အမည်နဲ့ပါတီ တံဆိပ်တွေ ပါဝင်နေ


2015.11.07
vote-paper-622.jpg ၂၀၁၅ ရွေးကောက်ပွဲက မဲလက်မှတ်တချို့ကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်က မဲလက်မှတ်တွေမှာ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရတဲ့ ချင်းတိုးတက်ရေးပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း နာမည်နဲ့ ပါတီတံဆိပ် ပါဝင်နေတယ်လို့ သိရပါတယ်။

ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေးသူတွေ ရှိလာမယ်ဆိုရင် အဲဒီဆန္ဒမဲတွေကို မှတ်တမ်းတင်ထားရမှာဖြစ်တယ်လို့ ကလေးခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးဂင်ခန့်ပေါင်က ပြောပါတယ်။

"အမည်စာရင်း ပယ်ဖျက်ပေးဖို့တော့ တင်ထားပြီးပြီ၊ တိုင်းကော်မရှင်ကို တင်ထားတယ်၊ ဒီအတိုင်းပဲ မဲလက်မှတ်ပါသွားပါတယ်၊ စာရွက်မှာပဲဖြစ်နေတာပေါ့နော်၊ သူကိုယ်တိုင်ကတော့ မစည်းရုံးမလှုပ်ရှားတော့ဘူး၊ ကိုယ်စားလှယ်လောင်း မပြိုင်ရဘူးလို့ပြေားထားတဲ့အတွက် သူ့သဘောပဲဖြစ်ပါတယ်၊ ရရှိတဲ့မဲကို မှတ်တမ်းတင်ဖို့ပဲရှိပါတယ်"

ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရတယ်ဆိုတာကို မဲဆန္ဒရှင်တွေက မသိတဲ့အတွက် မဲပေးမိရင် အလဟဿဖြစ်မှာစိုးတာကြောင့် နီးစပ်ရာဒေသခံတွေကို လိုက်လံရှင်းပြနေရတယ်လို့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဒေါ်သန့်ဝေကျော်က ပြောပါတယ်။

"ဆန္ဒမဲလက်မှတ် ထွက်လာတဲ့အခါကျတော့ သူ့နာမည်ပါလာတယ်၊ ခရိုင်ကော်မရှင်ကို မေးတဲ့အခါကျတော့ သူတို့ဖက်စ်ပို့ခဲ့ပါတယ်တဲ့၊ ပို့တော့ တိုင်းကဒီဟာကို မပယ်ဖျက်ပေးလိုက်ဘဲနဲ့ ထည့်ပေးလိုက်တယ်လို့ ကျမတို့ကိုရှင်းပြတယ်၊ အခုဆို ဒီမဲလက်မှတ်နဲ့ပဲ သွားမယ့်ပုံစံပဲ၊ ကျမတို့ နီးစပ်ရာကိုတော့ အသိပေးပါတယ်၊ ဒါပေမဲ့ အကုန်လုံးကို အသိပေးနိုင်ဖို့ အချိန်မမှီဘူးရှင့်"

ချင်းတိုးတက်ရေးပါတီရဲ့ ကလေးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဗန်ဘွဲ့လျံခုမ်းဟာ အသက် ၂၅နှစ် မပြည့်သေးတဲ့အတွက် ကိုယ်စားလှယ်လောင်းအရည်အချင်းနဲ့ မညီဘူးဆိုပြီး ပယ်ချခံထားရတာဖြစ်ပါတယ်။ ဦးဗန်ဘွဲ့လျံခုမ်းဟာ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရတဲ့အတွက် မဲဆွယ်စည်းရုံးဟောပြောပွဲတွေ လုပ်ဆောင်ခဲ့တာမရှိဘူးလို့လည်း သိရပါတယ်။

ကလေးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီမဲဆန္ဒနယ်မြေမှာ မဲပေးပိုင်ခွင့်ရှိသူ ၁သိန်း၁သောင်းခန့်ရှိပြီး မဲရုံ ၉၅ ရုံရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။