ရွေးကောက်ပွဲရလဒ်ဖျက်မှု ဒီမိုကရေစီကို နောက်ပြန်လှည့်စေတယ်လို့ PPST ပြော
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်တာဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နောက်ပြန် ဆုတ်စေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရာမှာ ကြီးမားတဲ့ အဟန့်အတား ဖြစ်စေတယ်လို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဩဂုတ်လ ၅ ရက်နေ့က ကြေညာချက်ထုတ်ပြီး သတိပေးလိုက်ပါတယ်။
PPST မှာပါဝင်တဲ့ ABSDF အဖွဲ့ ဒုဥက္ကဋ္ဌ ရဲဘော် မျိုးဝင်း က "ရွေးကောက်ပွဲ နိုင်ငံရေးလုပ်ငန်းစဉ်အပေါ်မှာ ပြည်သူလူထုက ယုံကြည်မှု အားနည်းလာပြီဆိုရင်တော့ နိုင်ငံရေးဘောင်က ကျဉ်းလာမယ်၊ အဲဒါ မကောင်းဘူး၊ ဒါ့ကြောင့် နိုင်ငံရေးဘောင်ကို ချဲ့ရမှာပေါ့။ အဲဒီလိုမှ ရွေးချယ်စရာလမ်းက ကျယ်လာ မှာပဲလေ။ တိုင်းပြည်အနာဂတ်အတွက် အလားအလာတော့ မကောင်းဘူးပေါ့နော်၊ ကျွန်တော်တို့ မဖြစ်စေချင်ဘူးပေါ့" လို့ RFA ကို ပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အားနည်းချက်တွေရှိနိုင်ပေမယ့် ဥပဒေအတိုင်းသာ ဖြေရှင်းရမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲဖျက်သိမ်းတဲ့ ကြေညာချက်ကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ နောက်ပြန်ဆုတ်သလို ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။
အာဆီယံကနေ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးဖို့အတွက် အထူးကိုယ်စားလှယ် ခန့်အပ်တာကို PPST အနေနဲ့ ကြိုဆိုပေမယ့် ရလဒ်ကောင်းထွက်ပေါ်ဖို့ မျှော်လင့်လို့မရဘူးလို့လည်း ရဲဘော် မျိုးဝင်း က ဆိုပါတယ်။
PPST ထုတ်ပြန်ချက်မှာတော့ နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်ဖြေရှင်းမှုတွေကို မြန်မာနိုင်ငံရဲ့ ပကတိ အခြေနေတွေနဲ့ ကိုက်ညီအောင် PPST က ကြိုးစားသွားမယ်လို့ ရေးထားပါတယ်။
ဇူလိုင် ၂၆ ရက်နေ့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်သစ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ရွေးကောက်ပွဲပြန်ကျင်းပဖို့ ၂၀၂၃ ဩဂုတ်လအထိ အချိန်ယူပြင်ဆင်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဩဂုတ်လ ၁ ရက် စစ်အာဏာသိမ်း ခြောက်လပြည့် မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။