စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ရကြောင်း ထောင်ကလွတ်လာသူအချို့ ပြော
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေ ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာလည်း ထပ်မံလွတ်မြောက်လာကြပြီး အဲဒီအထဲက အချို့ကတော့ သူတို့ ဟာ စစ်တပ်ရဲ့ စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးချုပ်နှောင်ခံရသူတွေနဲ့ အကျဉ်းချခံရသူ ၅၆၃၆ ဦးကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက မနေ့က ကြေညာခဲ့ပြီးနောက် အချို့ကို မနေ့က ပြန်လွှတ် ပေးခဲ့သလို ဒီနေ့မှာလည်း နောက်ထပ်ကျန်ရှိနေသူအချို့ ထပ်မံလွတ်မြောက်လာကြပါတယ်။
လွတ်မြောက်လာသူတွေအထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ မုံရွာအောင်ရှင်၊ ကချင်ပြည်နယ်က ခရစ်ယာန်သိက္ခာတော်ရဆရာတော် သုံးပါး အပါအဝင် အကျဉ်းချခံနေရသူ တွေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေ ပါဝင်ပါတယ်။
ဒီနေ့ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစိုးထက်ဦးကတော့ သူတို့ကိုဖမ်းဆီးပြီး အင်းစိန်ထောင်မပို့ခင် စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ရတယ် လို့ RFA ကို ပြောပါတယ်။
“ကျနော်တို့ အင်းစိန်အကျဉ်းထောင်ရောက်တဲ့အချိန်မှာ ရိုက်နှက်တာမရှိပေမယ့် ရွှေပြည်သာစစ်ကြော ရေးကို ရောက်တဲ့အချိန်မှာ အခန်းတစ်ခန်းထဲကို ခေါ်သွားပြီးတော့ မျက်စိပိတ်ပြီးတော့ ကျနော် တို့ကို ရိုက်နှက်စစ်ဆေး တာတွေရှိတယ်။ လူ့ဂုဏ်သိက္ခာနဲ့ ဆန့်ကျင်တဲ့ သူတို့လုပ်ခဲ့တယ်ပေါ့နော်၊ မိန်းကလေးတွေဆိုရင်လည်း sexual harassment နဲ့ ပတ်သက်တဲ့ကိစ္စတွေတောင်မှရှိတယ် လို့ ကျနော်တို့ကြားသိရတယ်”
ကိုစိုးထက်ဦး အပါအဝင် လူငယ်လေးဦးကို ကားပေါ်မှာ ဆန္ဒပြပစ္စည်းတွေတွေ့တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပုဒ်မ - ၅၀၅ (က) နဲ့ အရေးယူခံခဲ့ရတာပါ။
စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ အမှုစစ်ဆေးတဲ့နေရာမှာ နှိပ်စက်ခံရတာတွေရှိရင် သက်သေနဲ့တကွ တိုင်ကြားနိုင်တယ်လို့ တုံ့ပြန်ပါတယ်။
“ဖမ်းဆီးတယ်ဆိုရင်တော့ စစ်ဆေးရေးလုပ်ရတာသည် နိုင်ငံတကာရဲ့ကျင့်ထုံးပဲ ဘယ်သူမှစစ်ဆေးရေး မလုပ်ဘဲနဲ့ အပြစ်ရှိခြင်း မရှိခြင်း ဆိုတာတော့ စစ်ဆေးရမှာပဲ။ ဘာတွေလုပ်ခဲ့တယ် ဘာတွေကျူးလွန် ခဲ့တယ်ဆိုတာ စစ်ဆေးရတာပဲ။ စစ်ဆေးတဲ့နေရာမှာတော့ လုပ်ထုံးလုပ်နည်းမျိုးစုံရှိတာပဲပေါ့နော်။ လုပ်ထုံးလုပ်နည်းမျိုးစုံရှိတယ် စစ်ဆေးရတဲ့ပုံစံတွေရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ ဒီအတိုင်းပဲဆောင်ရွက်မှာဖြစ်ပါတယ်။ ခုနကပြောသလို ညှဥ်းပန်းမှုတွေ နှိပ်စက်မှုတွေရှိတယ်ဆိုရင် သက်သေ အထောက်အထားနဲ့ တိုင်ပေါ့လို့ပဲ ပြောချင်ပါတယ်”
အခုလို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့သူတွေရှိသလို တချို့ကလည်း ထောင်ကအထွက်မှာပဲ ပြန် အဖမ်းခံလိုက်ရတာတွေလည်းရှိနေပါတယ်။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အကျဉ်းထောင်ကနေ အောက်တိုဘာလ ၁၈ ရက် မနေ့ကလွတ်လာသူ ၃၈ ဦး ရှိခဲ့ပေမဲ့ အဲဒီအထဲက ၁၀ ဦးထက်မနည်းကို ထောင်အထွက်မှာပဲ အာဏာပိုင်တွေက ပြန်လည်ဖမ်းဆီးသွား တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောတယ်။
အဲဒီအထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မိတ္တီလာမြို့နယ် အမှတ် (၁) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင်လည်းပါဝင်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးလွင်မောင်မောင်ရဲ့ မိသားစုဝင်တစ်ဦးက မနေ့က မိတ္ထီလာအကျဉ်းထောင် က အထွက်မှာ ပြန်လည်ဖမ်းဆီးခံခဲ့ရတာလို့ RFA ကို ပြောပါတယ်။
“၃၈ ယောက်လွှတ်မှာဆိုတော့ အဲဒီလူတွေတစ်တန်းကြီး အဲဒီအထဲကနေ ကိုလွင်မောင်မောင်ကို လှမ်းမြင်လိုက်တယ်ပေါ့နော်။ လွှတ်မယ့်စာရင်းမှာလည်းပါတယ်။ လက်တွေ့ကျတော့ တကယ့်တကယ်တန်းလွှတ်လာတဲ့ အချိန်ကျ တော့ ကိုလွင်မောင်မောင်က ပါမလာဘူး။ ပါမလာတော့ ကိုလွင်မောင်မောင်တို့နဲ့အတူ ကျတဲ့ အသိတစ်ယောက်ကို မေးလိုက်တာပေါ့။ ကိုလွင်မောင်မောင်တို့ကရောလို့ လွတ်လာတဲ့အထဲမှာ မတွေ့တော့ သူတို့အဲဒီ ကိုလွင်မောင်မောင် တို့နေရတဲ့ ထောင်ပေါက်ပေါ့။ အဲဒီထောင်ပေါက်က အထွက် မှာပဲ ရဲတွေကပြန်ပြီးတော့ ဖမ်းသွားတယ် ဆိုပြီးတော့ အဲဒီလွတ်လာတဲ့ တစ်ယောက်က ပြောပြတာပေါ့”

ဦးလွင်မောင်မောင်ကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (က) နဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။ သူ့ကိုအခြားပုဒ်မတွေနဲ့ ထပ်မံစွဲဆိုထားတာမျိုး မရှိတာကြောင့် အခုလို ဘာကြောင့် ထပ်မံဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ မိသားစုဝင်က ပြောပါတယ်။
မိတ္ထီလာအကျဉ်းထောင်ကနေ မနေ့က လွတ်မြောက်လာပြီးနောက် ပြန်လည်ဖမ်းဆီးခံလိုက်ရသူတွေထဲမှာ NLD ပါတီဝင်တွေဖြစ်တဲ့ ဦးသက်မောင်မောင်၊ ဦးဝေမျိုးအောင်၊ ဦးသီဟကျော်နဲ့ ဦးနန္ဒတို့လည်းပါဝင်ပြီး အခြားသူတွေရဲ့ အမည်စာရင်းကိုတော့ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ သူ့အနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မသိရသေးဘူးလို့ ပြောပါတယ်။
မနေ့က ဘယ်လောက်လွှတ်လဲ၊ ဒီနေ့ ဘယ်လောက်လွှတ်လဲလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုမေးရာမှာ လွှတ်ပေး မယ်လို့ ထုတ်ပြန်ထားသူတွေအားလုံးကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်တိုက်လွှတ်ပေးသွားမယ်လို့ ဖြေကြားပါတယ်။
"အခုမလွတ်သေးတဲ့သူတွေ အများကြီးရှိတယ်။ သူတို့အတွက် စိတ်မကောင်းဘူး။"
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာတဲ့သူတွေထဲမှာ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဆုတောင်းတဲ့အတွက် ဖမ်းဆီးခံလိုက်ရတဲ့ ခရစ်ယာန်သိက္ခာတော်ရဆရာတော် သုံးပါးလည်း ပါဝင်ပါတယ်။
သူတို့ကတော့ အောက်တိုဘာ ၁၈ ရက် မနေ့က ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာကြတာပါ။
ပြန်လည်လွှတ်မြောက်လာသူတွေကတော့ နောင်မွန် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရဆရာတော် ဂူရှင်ဆင်ဆားရ်၊ ခရစ်တော်ရဲ့အသင်းတော်က သိက္ခာတော်ရဆရာတော် ဇာကွန်းထီနနဲ့ ရဝမ် နှစ်ခြင်းအသင်းတော်က သိက္ခာတော်ရဆရာတော် မန်ခူဒီး တို့ဖြစ်ပါတယ်။
အချုပ်အနှောင်ထဲက လွတ်လာလို့ ဝမ်းသာရပေမဲ့ မလွတ်သေးဘဲ ကျန်နေသေးတဲ့သူတွေရှိတဲ့အတွက် စိတ်မ ကောင်းဖြစ်ရတယ်လို့ နောင်မွန် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရဆရာတော် ဂူရှင်ဆင်ဆားရ က ပြောပါတယ်။
“အချုပ်အနှောင်ထဲက လွတ်လာပြီဆိုတော့ လောလောဆယ်လွတ်တဲ့သူတွေအတွက်ကတော့ ဝမ်းသာစရာပေါ့။ အခုမလွတ်သေးတဲ့သူတွေ အများကြီးရှိတယ်။ သူတို့အတွက်တော့ ဝမ်းနည်းတာပေါ့၊ စိတ်မကောင်း ဘူး။ ကျနော်တို့လွတ်တဲ့အချိန်မှာ သူငယ်ချင်းတွေတချို့က အဲဒီမှာ ကျန်နေတော့ စိတ်တော့မကောင်းဘူးလေ”
ဆရာတော်သုံးပါးဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ကချင်ပြည်နယ် နောင်မွန်မြို့ ရိုးရာယဉ်ကျေးမှု ခန်းမဆောင်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းစေဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အထူးဆုတောင်းပွဲလုပ်ခဲ့ရာမှာ တပ်မတော်ကို အကြည်အညှိုပျက်စေတဲ့စကားတွေ ပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၅၀၅ (က)နဲ့ အရေးယူခံခဲ့ရတာပါ။

လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်ကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်လာစေချင်ကြောင်း RFA ကို ပြောပါတယ်။
“အားလုံးလွတ်စေချင်တာပဲ ပြောရရင်တော့ ခြွင်းချက်မရှိ လွတ်စေချင်တာပဲ။ အာဆီယံရဲ့ မူငါးချက်ထဲ မှာလည်း အဲဒီကိစ္စလေးတွေ ပါပါတယ်။ နောက်တစ်ခါ နိုင်ငံတကာကလည်း ဒီလိုပဲဖြစ်စေချင်ကြတာပါပဲ။ ကျနော်တို့ကိုယ်တိုင်လည်း ဒီလိုပါပဲ။ ဖြစ်စေချင်တာပါပဲ မြန်မြန်လွတ်စေချင်တယ်။ အားလုံးခြွင်းချက် မရှိ အကုန်လွတ်စေချင်တာပါပဲ”
မုံရွာအောင်ရှင်ကို စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့ပြီးနောက် ရန်ကုန်မြို့ ရေကြည်အိုင် စစ်ကြောရေးစခန်းမှာထားရှိခဲ့ပြီး ရှစ်လကျော်အကြာ မနေ့ကမှ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။
စစ်ကောင်စီအနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတက်ခွင့် ပိတ်ပင်ခံရတော့မှ အဖမ်းခံထားရသူတွေကို အခုလိုပြန်လွှတ်ပေးတာဟာ နိုင်ငံတကာအစိုးရတွေကို အာရုံလွှဲစေချင်တာကြောင့်သာဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အောက်တိုဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ပြည်သူ ၁၃၁ ဦး အပါအဝင် အဖမ်းခံခဲ့ရတဲ့ ပြည် သူ ၉၀၂၈ ဦး ကို မဖြစ်မနေ ပြန်တောင်းပန်ဖို့လိုသလို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်ကုစားပေးဖို့ စစ်ကောင်စီမှာပဲ တာဝန်ရှိတယ်လို့လည်း AAPP က ထုတ်ပြန်ထား ပါတယ်။
AAPP ရဲ့ စာရင်းတွေအရ မနေ့ကအထိ နိုင်ငံတစ်ဝန်း တရားရင်ဆိုင်နေရသူပေါင်း ၇၄၀၀ နီးပါးရှိတဲ့အတွက် တရားရင်ဆိုင်နေရသူအရေအတွက်ဟာ နောက်ထပ် ၃၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း၊ အခုလိုလွှတ်ပေး ရုံနဲ့ မြန်မာနိုင်ငံရဲ့ပြဿနာ ပြီးဆုံးသွားမှာ မဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါ အဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမယ်လို့ AAPP အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။