ဘာသာရေးဖိနှိပ်မှု အများဆုံးနိုင်ငံများမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေ

၂၀၁၀ ခုနှစ် ပထမနှစ်ဝက် အတွက် ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ တရုတ်၊ ဆော်ဒီအာရေဗျ၊ မြန်မာ၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ အီရန်၊ ဆူဒန် နဲ့ ဥဇဘက်စတန် နိုင်ငံတွေကို ၂၀၀၉ ခုနှစ်ကစပြီး ဘာသာရေး လွတ်လပ်ခွင့်အတွက် ဘာအပြောင်းအလဲမှ မရှိတဲ့၊ အထူးစိုးရိမ်ဖွယ် နိုင်ငံတွေ အဖြစ် သတ်မှတ် ဖေါ်ပြထား ပါတယ်။
ဘာသာရေးဆိုင်ရာ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ ပျက်ကွက်တဲ့ နိုင်ငံ (၁၀) နိုင်ငံစာရင်းထဲမှတော့ - အာဖဂန်နစ္စတန်၊ အီဂျစ်၊ အီရတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ရုရှ၊ တာဂျစ်ကစ္စတန်၊ တာ့မင်စတန်၊ ဗင်နီဇွဲလား နဲ့ ဗီယက်နမ် နိုင်ငံတွေ ပါဝင်ကြပါတယ်။
အစိုးရတွေရဲ့ ဘာသာရေး ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ တားဆီး ချုပ်ချယ်မှုတွေကို အစီရင်ခံစာမှာ အသေးစိတ် တင်ပြထားပါတယ်။
ဘာသာရေး လွတ်လပ်မှုအတွက် ကာကွယ် စောင့်ရှောက်မှုတွေ တိုးမြှင့် ဆောင်ရွက်ကြဖို့ နိုင်ငံတကာ အစိုးရတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မနေ့က တိုက်တွန်း ပြောဆိုလိုက် ပါတယ်။
ဥပမာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ အကျဉ်းထောင်တွေထဲမှာ ရှိနေကြပါတယ်၊ အလားတူ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ပြဿနာလည်း မပြေလည်သေးပါဘူး၊ အခု စာရင်းမှာ ပါဝင်ကြတဲ့ နိုင်ငံအများစုမှာလည်း ဘာသာရေး လွတ်လပ်ခွင့်တွေကို ချိုးဖေါက်နေကြတာ နှစ်ကာလ ကြာရှည်ခဲ့ပြီ ဖြစ်ပါတယ်၊ အဲဒီ ချိုးဖေါက်မှုတွေ အကြောင်း ဒီအစီရင်ခံစာမှာ အသေးစိတ် ဖေါ်ပြထားပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
တူရကီ နိုင်ငံကိုတော့ ဘာသာရေး လွတ်လပ်ခွင့် အတွက် အလေးထား ဆောင်ရွက်ခဲ့တဲ့ နိုင်ငံအဖြစ် ဟီလာရီ ကလင်တန်က ချီးကျူးလိုက် ပါတယ်။ တူရကီမှာ (၇၅) နှစ်ကြာ ပိတ်ပင်ထားခဲ့တဲ့ မူဆလင် မဟုတ်တဲ့ ဘာသာရေး အဆောက်အဦးတွေကို အစိုးရက ပြန်လည် ခွင့်ပြုခဲ့ပါတယ်။
အဲဒီ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာထဲက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေကို ပူးတွဲ အသံဖိုင်များမှာလည်း နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |