မြန်မာဆိုင်ရာ ကုလအကြီးအကဲ ဖယ်ရှားခံရ
2017.06.14

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကြီးအကဲ Renata Lok-Dessallien ရီနာတာ လော့က် ဒက်ဆဲလီယန်း ကို လက်ရှိရာထူးက ဖယ်ရှားလိုက်ပြီလို့ သတင်းရပါတယ်။
မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ ဖိနှိပ်ခံနေရ တာနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတဲ့အတွက် အခုလို မြန်မာပြည်ဆိုင်ရာ ဌာနေတာဝန်ခံအဖြစ်က ဖယ်ရှားလိုက်တာ ဖြစ်တယ်လို့ သံတမန် အသိုင်းအဝန်းက ပြောဆိုကြောင်း ဘီဘီစီ သတင်းဌာနက ရေးပါတယ်။
ဒက်ဆဲလီယန်းဟာ မွတ်စလင်တွေ နှိပ်စက်ညှဉ်းပန်းခံခဲ့ရလို့ မနှစ်က ထွက်ပြေးခဲ့ကြရတာနဲ့ ပတ်သက်ပြီး ရေ ငုံနုတ်ပိတ်နေခဲ့ကြောင်း၊ ရခိုင်ပြည်နယ်က ပြန်အလာမှာလည်း သတင်းထောက်တွေ မေးတာကို ဖြေကြား ဖု့ိ ငြင်းဆန်ခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို အရေးကြီးတဲ့ အစည်းအဝေးတွေ တက်ရောက်ပြောဆိုခွင့် မပေးဘဲ တမင်ဘေးဖယ်ထားခဲ့ကြောင်းလည်း သိရပါတယ်။
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူကတော့ ဒက်ဆဲလီယန်းကို အလှည့်ကျတာဝန်ပြောင်းရွေ့ခြင်းသာ ဖြစ်ပါတယ်၊ သူမရဲ့လုပ်ကိုင်ဆောင်ရွက်မှုအတွက် အပြစ်ပေးတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာ ဌာနေကိုယ်စားလှယ်အဖြစ် သွားရောက်တာဝန်ယူတဲ့ ကုလအရာရှိတွေကို သာမန်အားဖြင့် ၅ နှစ်အထိ ထားလေ့ရှိပြီး ဒက်ဆဲလီယန်းကတော့ မြန်မာပြည်မှာ သုံးနှစ်ခွဲပဲရှိပါသေးတယ်။