လက်ဖက်တောင်သူများ၏ စီးပွားရေးအကျပ်အတည်း အစီရင်ခံစာထုတ်ပြန်

လက်ဖက် တောင်သူတွေဟာ ဒီနှစ် လက်ဖက်ရာသီမှာ လက်ဖက်ဈေးကွက် ပျက်ပြီး စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာနဲ့ ပတ်သက်ပြီး တအောင်း ခေါ် ပလောင် အလုပ်အဖွဲ့က အစီရင်ခံစာတစောင် ဒီကနေ့ ဇွန်လ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

2011.06.06
tea_leave_picker_305_z.jpg လက်ဖက်ခင်းတခုတွင် လက်ဖက်ရွက်များ ခူးဆွတ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အစီရင်ခံစာမှာ ရွှေဖီ လက်ဖက်ရာသီဦးမှာ လက်ဖက်ဈေး အသင့်အတင့်နဲ့ အဝယ်ရှိပေမဲ့ တပတ်အကြာမှာ ဝယ်လက်ကျသလို ဈေးနှုန်း တဟုန်ထိုး ကျသွားတဲ့အတွက် လက်ဖက်တောင်သူတွေမှာ စီးပွားရေး အကျပ်အတည်း ကြုံနေရတဲ့ တအောင်း ပြည်သူလူထုဟာ မိရိုးဖလာ လက်ဖက်လုပ်ငန်းတွေကို စွန့်ပြီး မြန်မာနိုင်ငံ တခြားအရပ် ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေဆီကို သွားရောက်ပြီး ရရာ အလုပ်လုပ်နေရကြောင်း ဖော်ပြပါရှိပါတယ်။

နန့်ဆန်နဲ့ မန်တုံ မြို့နယ်က ရွာတွေမှာ ရွာလုံးကျွတ်လိုလို တရုတ်ပြည်ကို အလုပ် ထွက်လုပ်နေ ကြတယ်လို့ ဒေသခံ တဦးကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလို စီးပွားရေး ပြဿနာတွေ ရင်ဆိုင်နေရတာကို မြန်မာအစိုးရသစ်နဲ့ ဒေသခံ နိုင်ငံရေးပါတီတွေ၊ တခြားအဖွဲ့ အစည်းတွေအနေနဲ့ ထောက်ပံ့ ကူညီဖြေရှင်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။

မိရိုးဖလာ လက်ဖက်လုပ်ငန်းကို ရေရှည်လုပ်ကိုင်နိုင်ဖို့ စုပေါင်း ဝိုင်းဝန်း ထိန်းသိမ်းဖို့ ၊ လက်ဝါးကြီး အုပ်နေတာတွေကို စုပေါင်း ကာကွယ် ထိန်းသိမ်းဖြေရှင်းဖို့ ဒေသခံ တအောင်းတောင်သူတွေကို အကြုံပြုထားပါတယ်။

ဒါ့အပြင် တအောင်း အမျိုးသားပါတီကိုလည်း အခုကြုံနေရတဲ့ အခက်အခဲကို ကူညီဖြေရှင်းဖို့၊ တောင်သူတွေကို ကာကွယ်မဲ့ ဥပဒေတွေ ရေးဆွဲ အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆက်လက်ပြီး မြန်မာအစိုးရကိုလည်း နိုင်ငံ့ စီးပွားရေးမူဝါဒတွေကို ပြန်လည်စိစစ် ပေးဖို့နဲ့ ချုပ်ချယ်ကန့်သတ်မှုတွေကို ရုပ်သိမ်းပြီး လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင်ပေးဖို့ အကြံပြုထားပါတယ်။

လက်ဖက်လုပ်ငန်းနဲ့ အဓိက အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ တအောင်းတောင်သူ ၆ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။