ရခိုင်သတင်းထောက် သတ်ဖြတ်ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ CPJ တောင်းဆို
2024.02.18
ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက် ကိုမြတ်သူထွန်း (ခေါ်) ဖိုးသီဟ သတ်ဖြတ်ခံရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးပြီး၊ ကျူးလွန်သူတွေကို အရေးယူပေးဖို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
သတင်းထောက် ကိုမြတ်သူထွန်းဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က စစ်တပ်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရစဉ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့တာလို့ ဒေသတွင်းသတင်းသမားတွေရဲ့ ပြောပြချက်ကိုကိုးကားပြီး CPJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီရဲ့ ၃၇၈ ခြေမြန်တပ်ရင်းကို ဝင်သိမ်းတဲ့အချိန် သတင်းထောက် ကိုမြတ်သူထွန်းအပါအဝင် တခြားနိုင်ငံရေးအကျဉ်းသား ခြောက်ဦးရဲ့ ရုပ်အလောင်းတွေ ဗုံးခိုကျင်းတစ်ခုထဲမှာ ပစ်ထားတာကို ရှာတွေ့ခဲ့တာလို့ CPJ က ပြောပါတယ်။
CPJ က နောက်ဆုံးထုတ်ပြန်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းတွေအရ မြန်မာနိုင်ငံဟာ သတင်းထောက်တွေ သတ်ဖြတ်ခံရမှု အများဆုံး အဆင့် ၉ မှာရှိပြီး၊ ကမ္ဘာပေါ်မှာ သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံရတဲ့ ဒုတိယအများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးလွန်သူတွေကတော့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတယ်လို့ ဆိုပါတယ်။
သတင်းထောက် ကိုမြတ်သူထွန်းဟာ Western news၊ 7 Day၊ DVB၊ The Voice၊ DMG နဲ့ အခြား ပြည်တွင်း၊ ပြည်ပ သတင်းဌာနအချို့မှာ နှစ်ပေါင်းများစွာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။