သတင်းသမားတစ်ဦး အထိုးခံရမှုအတွက် အမှုဖွင့်


2016.09.12
myatthukyaw-620.jpg ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပတဲ့ ဆန္ဒပြပွဲမှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခံလိုက်ရတဲ့ ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်ကို တွေ့ရစဉ်
Photo: Aung thain Kha/ RFA

မနေ့က တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြသူတွေထဲက သတင်းမီဒီယာသမား တွေအပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့သူတွေကို ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်က ဗဟန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။

ဗဟန်းမြို့နယ်ရဲစခန်းကတဆင့် ပုဒ်မ ၂၀၂ နဲ့ အမှုဖွင့်တာကို မြို့နယ်တရားရုံးက လက်ခံလိုက်တယ် လို့ ကျောက်တံတားမြို့နယ်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Myanmar Press photo Agency က ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်က ပြောပါတယ်။

"တရားရုံးသွားတယ်၊ သွားပြီးတော့ ဦးတိုက်လျှောက်တယ်၊ တရားရုံးက ဆုံးဖြတ်ချက်အရ ပုဒ်မ ၂ဝ၂ အရ ရဲကိုပြန်ပြီးတော့ စစ်ခိုင်းတယ်ပေါ့"

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာနဲ့ ပတ်သက်ပြီး အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ မနေ့က ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

အဲလို ဆန္ဒပြဟောပြောနေတဲ့အချိန်မှာ ဗိုလ်စိန်မှန်ရပ်ကွက်က ဘောလုံးကစားနေသူတွေကို ဆန္ဒပြသူတွေ က ဘောလုံးမကန်ဖို့ ပြောဆိုရာကစပြီး ရပ်ကွက်နေသူတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ပါတယ်။

အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာကို မှတ်တမ်း ဗီဒီယို ဓာတ်ပုံရိုက်ကူးနေတဲ့ သတင်းမီဒီယာသမားတွေကို မှတ်တမ်းမယူဖို့ ဆန္ဒပြသူတွေက တားမြစ်ခဲ့ပြီး ဓာတ်ပုံသတင်းထောက် တစ်ဦးကို ထိုးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တခြားသတင်းမီဒီယာသမားတွေကိုလည်း တွန်းပြီး မောင်းထုတ်ခဲ့ပါတယ်။

ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ပြုတဲ့အထဲမှာ ဗိုလ်စိန်မှန်အားကစားကွင်းမှာ ဆန္ဒပြဟောပြောပွဲလုပ်မယ်ဆိုရင် ဆန္ဒပြသူတွေဟာ အားကစားလှုပ်ရှားနေသူတွေကို စိတ်အနှောင့်အယှက်မဖြစ်စေ ဖို့ ဆိုတဲ့အချက် ပါဝင်ပါတယ်။

မနေ့က ဆန္ဒထုတ်ဖော်ပွဲကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူ သံဃာတော်တွေနဲ့ လူအင်အား ၂၀၀ လောက် ပါဝင် ဟောပြောခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။