ကယ်ဆယ်ရေးအတွက် ကာကွယ်ရေးဝန်ကြီး ကမ်းလှမ်း


2016.08.05
seinwin-620.jpg ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ကို သြဂုတ်လ ၅ ရကေ်န့က အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲဆိုင်ရာ ကော်မတီအစည်းအဝေးမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရေဘေးဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ တပ်မတော်က ရဟတ်ယာဉ်၊ ရေယာဉ်တွေကို အကူအညီတောင်းခံနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးရုံးမှာ ကျင်းပတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှာ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီး က ပြောကြားတာပါ။

"ကျနော်တို့ တပ်မတော်အနေနဲ့ကတော့ အမိန့်စောင့်စရာမလိုပဲ သဘာဝဘေးအန္တရာယ်ကျရောက်တယ်လို့ သိတာနဲ့တပြိုင်နက် အဲ့ဒီ တပ်ရင်းတပ်ဖွဲ့တွေဟာ သွားရောက်ကူညီဖို့ အမိန့်ပေးထားပြီးဖြစ်ပါတယ်၊ အဲ့ဒီအတိုင်းပဲ ကျနော်တို့ လက်တွေ့ဆောင်ရွက်လျှက်ရှိပါတယ်၊ ဒီနေ့ ဒီမှာတော့ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေပါတဲ့အတွက် ကျနော်တို့ဘက်က ဆောင်ရွက်ပေးနိုင်တာလေးတွေ တင်ပြရတာဖြစ်ပါတယ်၊ ကျနော်တို့မှာ တပ်မတော်ရေကဆိုရင် ဆေးရုံသင်္ဘော ၂ စီးရှိပါတယ်၊ ကမ်းရိုးတန်းသွား ၁ စီးရှိပါတယ် ၊ မြစ်တွင်းသွား ၁ စီးရှိပါတယ်၊ လိုအပ်ရင် တောင်းခံနိုင်ပါတယ်၊ ဝန်ကြီးချုပ်ကြီးများ လိုအပ်လို့ရှိရင် ကျနော်တို့ဆီကို ဆက်သွယ်တောင်းခံပေးဖို့ ပြောလိုပါတယ်၊ နောက်တစ်ခုက တပ်မတော်လေက ဆိုရင်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးနေပါတယ်"

တပ်မတော်ရေမှာ ဆေးရုံသင်္ဘော ၂ စီး၊ တပ်မတော်လေက ရဟတ်ယာဉ်တွေအနေနဲ့လည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ပေးနိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အကူ အညီတောင်းခံနိုင်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာစစ်တိုင်းတွေက တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့လည်း အခြေစိုက်ရာဒေသတွေမှာ သဘာဝဘေးဖြစ်လာရင် အမိန့်တောင်းခံစရာမလိုဘဲ သတင်းပို့ပြီး ပြည်သူတွေကို ကူညီဖို့ ညွန်ကြားထားတယ် လို့လည်း ပြောပါတယ်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီကလည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အတွက် များစွာအားတက်မိတယ်လို့ အစည်းအဝေးအပြီး သတင်းမီဒီယာတွေကို ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့အစည်းအဝေးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ အပါအဝင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ လူမှုဝန်ထမ်း၊ ကျန်းမာရေးစတဲ့ ဝန်ကြီးဌာနဝန်ကြီးတွေ အပါအဝင် နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တွေ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။