တပ်မတော်ကို ICC တင်ဖို့ ကချင်အရပ်ဖက်အဖွဲ့ ၃၂ ဖွဲ့ တောင်းဆို


2018.04.25
army-day-2018-622.jpg ၇၃ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာကျင်းပစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီက တပ်မတော်ကို ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ၇ နှစ်ကြာစစ်ပွဲအတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တင်ဖို့ ပြည်တွင်းပြည်ပက ကချင်အရပ်ဖက်အဖွဲ့အစည်း ၃၂ ခုက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုကို အစိုးရနဲ့ လွှတ်တော်က ကာကွယ်ပေးနိုင် တာမရှိတဲ့အတွက် နောက်ဆုံးအားကိုးတဲ့အနေနဲ့ ကုလသမဂ္ဂကို ရွေးချယ်ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထုတ်တဲ့ အဖွဲ့တွေထဲမှာပါဝင်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။

"ကချင်ဒေသတင်မကဘဲ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ မြန်မာနိုင်ငံ အစိုးရအနေနဲ့လည်း ဘာမှ အရေးယူပေးမှုတွေမရှိဘူး၊ သမ္မတသစ်အနေနဲ့လည်း ခုချိန်ထိ မိန့်ခွန်းမှာပါတဲ့ လုပ်ဆောင်မှုကို မတွေ့ရသေးပါဘူး။ ပါတီတွေအနေနဲ့ကော လွှတ်တော်အနေနဲ့ကော ဘာမှ ဘယ်သူမှ လုပ်လို့ မရသေးဘဲနဲ့ ဒီပြည်သူတွေနဲ့ တပ်မတော်နဲ့ တိုက်ရိုက် ရင်ဆိုင်ဖြေရှင်းနေရသလို ဖြစ်သွားရတဲ့အခြေအနေမျိုးမှာ ကချင်ဒေသက လူတွေအနေနဲ့တော့ နောက်ဆုံးအားကိုးရာဆိုလိုတော့ နောက်ဆုံးကျည်ဆံလို့ပဲ ပြောပြော နောက်ဆုံးလက်နက်တစ်ခု အနေနဲ့ ဆိုလို့ရှိရင် မြန်မာနိုင်ငံကလည်း သဘောတူထားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ဒီလမ်းကြောင်းကိုပဲ သုံးစွဲဖို့ကြိုးစားတာပါ"

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတဆင့်  တပ်မတော်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာလို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

ကချင်ပြည်နယ်မှာ တပ်မတော်က လူ့အခွင့်ရေးချိုးဖောက်တာတွေ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေ၊ နေရပ် စွန့်ခွာ ပြောင်းရွှေ့စေတာတွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဖြတ်တောက်တာတွေ လုပ်နေတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာအရေးကို သတိပြုမိပြီး အရေးယူပေးဖို့နဲ့ အဲဒီအမြဲတမ်းလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၅ နိုင်ငံထဲက တရုတ်နဲ့ ရုရှားနိုင်ငံတို့ကပါ လက်ခံသဘောတူဖို့ မျှော်လင့်တယ်လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

အစိုးရအနေနဲ့ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက် ပြည်တွင်း ပြည်ပက လူသားချင်းစာနာထောက်ထား မှု အကူအညီတွေကို ဖြတ်တောက်တာတွေ၊ တားဆီးတာတွေ မလုပ်ဘဲ ကူညီခွင့်ပေးဖို့ လိုအပ်တယ်လို့ ဒေါ်ခွန်ဂျာ က ပြောပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ၊ ရွှေ့ပြောင်းနေထိုင်ရသူတွေ တစ်သိန်းခွဲနီးပါး ရှိနေပြီလို့ အရပ်ဖက်အဖွဲ့အစည်း တွေက ခန့်မှန်းထားကြပါတယ်။

လာမယ့် ဧပြီလကုန်ပိုင်း ဒါမှမဟုတ် မေလဆန်းပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်ပြီး ရခိုင်ပြည်နယ်နဲ့ နေပြည်တော်ကို သွားရောက်ဖို့ရှိနေပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်အပြင် နယူးဇီလန်၊ ဂျာမနီ ၊ ဆွီဒင်နိုင်ငံ စတဲ့ ပြည်ပမှာရှိတဲ့ ကချင်လူမှုအဖွဲ့အစည်း ၃၂ ဖွဲ့က ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။