ဆန္ဒပြ ကျောင်းသားတွေ သပိတ်ရပ်ဖို့ အဖွဲ့ ၉ ဖွဲ့ မေတ္တာရပ်
2015.11.16

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို ဆန္ဒပြမှုရပ်တန့်ဖို့အတွက် ဦးဝင်းတင် ဖောင်ဒေးရှင်းအပါအဝင် အဖွဲ့အစည်း ၉ ဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။
ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ် မပြီးခင်အထိ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေဖို့အတွက် အစာငတ်ခံဆန္ဒပြမှုကို ယာယီရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံတာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ က ကိုတင်မောင်ဦး က ပြောပါတယ်။
"ဘယ်လိုရည်ရွယ်ချက်လဲဆိုတော့ အကုန်လုံးက ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို မျှော်လင့်နေတယ်၊ တဆက်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်စေချင်ကြတယ်၊ လွတ်စေချင်တဲ့အတွက်ကြောင့်မို့ နယ်အားလုံးက နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းလာတယ်၊ ဒါနဲ့စပ်လျဉ်းပြီးတော့ ဒီကနေတစ်ခုခုဖြစ်မှာကို စိုးရိမ်တယ်၊ ဒါကြောင့်မို့ စိုးရိမ်ပူပန်မှုတွေအားလုံးကို လျော့ချဖို့အတွက် ဒီကိစ္စကို အလေးနက်အာရုံထားလို့ရအောင်လို့ သူတို့ကို ငြိမ်းချမ်းစွာအာဏာ လွှဲပေးတဲ့အထိရွှေ့ပေးပါလို့ တောင်းဆိုတာ"
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း၊ Generation Wave၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက် စတဲ့ အဖွဲ့အစည်း ၉ ခုက ဒီနေ့ ကြေညာချက်ထုတ်ပြီး မေတ္တာရပ်ခံတာဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန့်ကျင်တာကြောင့် ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသားaခါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအဝင် ၇ဦးဟာ သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတာဖြစ်ပြီး ကိုအောင်မှိုင်းဆန်းနဲ့ ကျောင်းသား နှစ်ဦးဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခံနေရပါတယ်။
သူတို့ကို နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကလည်း အစာငတ်ခံဆန္ဒပြနေတာကို ရပ်တန့်ဖို့ ဦးဝင်းထိန်ကတဆင့် မေတ္တာရပ်ခံခဲ့ပါတယ်။