အိုးဘိုထောင်မှာ အစာငတ်ခံဆန္ဒပြသူတွေ တိုက်ပိတ်ခံရ

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ CDM ပညာရေးဝန်ထမ်း ဒေါ်သက်ဆုလှိုင်၊ ဦးနောင်ထက်အောင်နဲ့ ဦးနိုင်းသီဟကျော်တို့ဟာ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြတာကြောင့် ဩဂုတ်လ ၃ ရက်နေ့စပြီး တိုက်ပိတ်ခံထားရလို့ ကျန်းမာရေး အခြေအနေကို စိတ်ပူနေတယ်လို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီက ပြောပါတယ်။
ဦးဂျင်မီတို့ ကြိုးပေးကွပ်မျက်ခံရပြီးနောက်ပိုင်း တရားရေးကို အယုံအကြည်မရှိဘူးဆိုပြီး ထောင်ထဲမှာဆန္ဒပြနေကြတာလို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ ဗဟိုအလုပ်မှုဆောင် ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ကိုအောင်မြတ်မိုးက RFA ကို ပြောပါတယ်။
"တိုက်ပိတ်ခံရတာ အတည်ပြုလို့ရတာ သုံးဦး၊ နောက်တစ်ယောက်က အတည်ပြုလို့ မရသေးဘူး၊ ကိုဂျင်မီတို့ ကြိုးပေးခံရတော့ ဒါဟာ မတရားသတ်ဖြတ်ခံရတာမို့ အစာငတ်ခံ ဆန္ဒပြကြတယ်၊ တရားရေး အယုံအကြည်မရှိဆိုပြီး ဆန္ဒပြတော့ ရိုက်နှက် ဆွဲခေါ်ခံကြရတယ်။ ထောင်ထဲမှာ နှိပ်စက်ခံနေရတော့ သူတို့ရဲ့ ကျန်းမာရေး၊ လုံခြုံရေး ကိုလည်း စိတ်ပူနေကြရတယ်"
လက်ရှိအချိန်ထိ အိုးဘိုထောင်ထဲမှာ ကြိုးပေးကွပ်မျက်ခံရသူ မရှိသေးပေမယ့် အဲလိုလုပ်ဖို့ စီစဉ်နေတာတွေရှိတယ်လို့လည်း ဆိုပါတယ်။
ဒေါ်သက်ဆုလှိုင်၊ ဦးနောင်ထက်အောင်နဲ့ ဦးနိုင်းသီဟကျော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခံထားရသူတွေဖြစ်ပါတယ်။
အိုးဘိုထောင်ထဲက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေရဲ့ ဩဂုတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ သေဒဏ်ပေးတာကို ကန့်ကွက်ကြောင်း၊ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် အပါအဝင် သေဒဏ်ပေးခံရသူတွေကို သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကြောင်း၊ NUG နဲ့ တခြားတော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်စွာနဲ့ တိုက်ပွဲဝင်ဖို့လိုကြောင်းနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ တရားစီရင်ရေးကို အခုလ ၁ ရက်နေ့ကစတင်ပြီး သပိတ်မှောက်ကြောင်း စတာတွေ ပါဝင်ပါတယ်။
အဲဒီ CDM ပညာရေးဝန်ထမ်း သုံးဦးကို စစ်ကောင်စီက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က) နဲ့ပါ တရားစွဲဆို ထားပြီး ၅၂ (က) အတွက်ကိုတော့ လာမယ့်အပတ်မှာ အမိန့်ချမယ်လို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီက ပြောပါတယ်။
အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ပညာရေးဝန်ထမ်း ၂၀၀ ကျော် ဖမ်းဆီးခံထားရပြီး ၂၄ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေး ဝန်ကြီးဌာနက စာရင်းတွေအရ သိရပါတယ်။