စီမံကိန်းတချို့ကို ရပ်ဆိုင်းထားဖို့ ရခိုင့်သယံဇာတကွန်ရက် တောင်းဆို


2017.11.01
kyaukphyu-economy-zone-622.jpg ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တေ့ွရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတွေကို လက်ရှိမတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ဒေသအခြေအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူစာချုပ် မချုပ်ဆိုနိုင်သေးတဲ့ကာလအတွင်းမှာ ရပ်ဆိုင်းထားဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာကွန်ရက်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်ကနေထွက်ရှိတဲ့ သယံဇာတတွေကို ရခိုင်ပြည်သူတွေကသာ ပိုင်ဆိုင်သင့်တာကြောင့် အခုလို တောင်းဆိုတာလို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင်တစ်ဦး ဖြစ်တဲ့ ဒေါ်ညိုအေး ကပြောပါတယ်။

"ကျမတို့ဆီမှာ လုပ်ကွက်အသစ်တွေ တော်တော်တွေ့ထားတယ်ပေါ့နော်၊ မာန်အောင်နားမှာလည်း လုပ်ကွက်တွေ ရှာဖွေနေဆဲလည်းတွေ့ရတယ်၊ အဲဒီလုပ်ကွက်တွေကို ဗဟိုအစိုးရက စီမံခန့်ခွဲတယ်ဆိုပေမယ့် နဂိုကတည်းက အဲဒီသယံဇာတကို ရခိုင်ပြည်သူတွေကသာ ပိုင်ဆိုင်သင့်တယ် ဆိုတဲ့အတိုင်းပေ့ါနော် အဲဒီအချက်ကိုမူတည်ပြီး ကြေညာချက်ထုတ်ရတာဖြစ်တယ်"

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ကိုအသုံးပြုပြီး ရခိုင်ပြည်နယ်တစ်ခုလုံး ကျေးလက်မြို့ပြတွေပါ မြန်မာပြည်မဈေးနှုန်းနဲ့တပြေးညီ ၂၄ နာရီလျှပ်စစ်မီးရရှိရေး၊ ရခိုင်ပြည်နယ်ကနေထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေ ကို ဈေးနှုန်းသက်သက်သာသာနဲ့ မီးဖိုချောင်သုံးအတွက်ပါ ရရှိရေး၊ ရခိုင့်သယံဇာတကို ရခိုင်ပြည်နယ်အစိုးရက တိုက်ရိုက်စီမံပိုင်ခွင့်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရရှိရေးကို တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ရခိုင်ပင်လယ်ပြင်မှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်ပေါင်း ၉ ခုကို ရခိုင်ပြည်သူတွေရဲ့ ဆန္ဒမပါဘဲ ပြည်တွင်းပြည်ပကုမ္ပဏီတွေကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ တူးဖော်ထုတ်လုပ်ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။

လုပ်ကိုင်ခွင့်ရထားတဲ့ ပြည်ပကုမ္ပဏီတွေထဲမှာ အမေရိကန်အခြေစိုက် Chevron, Conocophilip ၊ နယ်သာလန်နိုင်ငံ Royal Dutch Shell Plc ၊ နော်ဝေနိုင်ငံ Statoil နဲ့ အင်္ဂလန်အခြေစိုက် Ophir Energy, BG Asia Pacific Pte Ltd ၊ ဂျပန်အခြေစိုက် Mitsui Oil Exploration Co. Ltd တို့ ပါဝင်တယ်လို့သိရပါတယ်။

လက်ရှိ တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့ ရွှေသဘာဝဓာတ်ငွေ့ရဲ့ အကျိုးအမြတ်တွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်သူတွေအနေနဲ့ ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်မရရှိတဲ့အပြင် လယ်ယာမြေဆုံးရှုံးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုတွေကိုသာ ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်က တွေ့ရှိထားတဲ့ ကမ်းလွန်လုပ်ကွက်တွေ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းတွေ နဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတွေဟာ ရခိုင်ပြည်သူတွေအတွက် ကောင်းကျိုးထက်ဆိုးကျိုးတွေသာ ဖြစ်နိုင်တယ်လို့လည်း ပါရှိပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုက ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာကွန်ရက်က အောက်တိုဘာ ၂၇ ကနေ ၂၉ ရက်နေ့အထိ မာန်အောင်မြို့မှာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အခုလိုထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။