ရန်ကုန်မြို့သစ် စီမံကိန်းစတင်ရေး ဒေသခံ ၅၀၀၀ ကျော် ဆန္ဒပြတောင်းဆို
2014.11.16
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရပ်ဆိုင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ တွံတေး၊ ဆိပ်ကြီးခနောင်တိုနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေက ဒေသခံ ငါးထောင်နီးပါးလောက်ဟာ တွံတေးမြို့နယ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
မြို့သစ်စီမံကိန်း အကောင်အထည်ဖော်လိုက်မယ်ဆိုရင် တွံံတေး၊ ကြည့်မြင်တိုင်တဖက်ကမ်းနဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေ တိုးတက်သွားမှာဖြစ် တာကြောင့် အခုလိုဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ တွံတေးမြို့နယ် တမာတကောချောင်း ဝကျေးရွာက ဒေသခံ ဦးစိုးကြည်က ပြောပါတယ်။
"ဘာ့ကြောင့်ဒီစီမံကိန်းကို ဖြစ်စေချင်သလဲဆိုရင်ပေါ့လေ၊ ကျနော်တို့ ကျေးရွာတွေကလေ အင်မတန် မှဆင်းရဲနွမ်းပါပြီးတော့ အရမ်းဒုက္ခတွေ ရောက်နေကြတာပေါ့နော်၊ လမ်းပမ်းဆက်သွယ်ရေးကလည်း မကောင်း၊ ချောင်းမြောင်းတွေကလည်း ကောနေတဲ့ခါကျတော့လေ ကျနော်တို့ ဒေသအတွင်းမှာ ရှိနေတဲ့လူတွေက အင်မတန်ဒုက္ခရောက်နေတယ်၊ မြို့ဖြစ်ချင်တာပေါ့နော် အကုန်လုံး အလုပ်အကိုင် အခွင့်အလမ်းတွေရော၊ ကျန်းမာရေး၊ လူမှှုရေး၊ စီးပွါးရေးပေါ့ အကုန်လုံးကကောင်းသွားမယ်လို့ ထင်ပါတယ်၊ အဲ့ဒါကြောင့်လည်း ကျနော်တို့ ဒေသခံကော်မတီတွေ ဖွဲ့စည်းပြီးတော့၊ ဦးဆောင် ပြီးတော့လေ မြို့သစ်စီမံကိန်း ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေကြတာပါ"
ရန်ကုန်မြို့သစ် စီမံကိန်းဖြစ်မယ်ဆိုရင် ဒေသခံတွေရဲ့ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ တခြားလိုအပ်ချက်တွေ ပြည့်စုံနိုင်မှာဖြစ်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။
မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်တွေက မြေဧက ၃ သောင်းကျော်မှာ အကောင်အထည်ဖော်မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။
စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် ကုမ္ပဏီတစ်ခုတည်းကို လုပ်ပိုင်ခွင့်ပေးလိုက်တာဟာ ပွင့်လင်းမြင် သာမှုမရှိဘူးဆိုပြီး သတင်းမီဒီယာတွေက ဝေဖန်ကြတာကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။