လားရှိုးထောင်အနီးမှ ဖယ်ရှားပေးရေး အမိန့်ကို မိသားစု သုံးခု ငြင်းဆို
2020.07.28

ရှမ်းပြည်နယ်၊ လားရှိုးအကျဉ်းထောင် တာဝန်ရှိသူတွေက ထောင်အနီး နေထိုင်တဲ့ မိသားစု သုံးစုကို ထွက်ခွာသွားဖို့ အမိန့်ထုတ်ထားပေမယ့် အိမ်နဲ့မြေနေရာအတွက် ငွေကုန်ကြေးကျခံခဲ့ရတာကြောင့် ဖယ်ရှားမပေးနိုင်ဘူးလို့ မိသားစုဝင်တွေက ဒေသခံသတင်းထောက်တွေကို ဒီနေ့ ပြောလိုက်ပါတယ်။
ထောင်မြေနယ်နိမိတ်မှာ နေထိုင်တယ်ဆိုပြီး အကျဉ်းထောင် တာဝန်ရှိသူက အစိုးရ အိမ်ဥပစာ ဥပဒေနဲ့ နို့တစ်စာပေးပြီး ဖယ်ရှားခိုင်းတာဖြစ်တယ်လို့ မိသားစု သုံးစုက ဒီနေ့မနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုခဲ့ပါတယ်။
အကျဉ်းထောင် မဆောက်ခင် ၁၉၆၅ ခုနှစ် ကတည်းက တောင်ယာမြေအနေနဲ့ ဒေသခံတွေ လုပ်ကိုင်စားခဲ့ကြတာဖြစ်ပြီး အဆင့်ဆင့် ပြန်လည်ဝယ်ယူနေထိုင်ခဲ့ကြတာဖြစ်တယ်လို့ ဖယ်ရှားခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်သိန်းဌေးက ပြောပါတယ်။ သူ့ဖခင်ဟာ အငြိမ်းစား အကျဉ်းထောင် ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။
၂၀၁၅ ဇွန်မှာ နေအိမ်ဆယ်လုံးကျော်ကို အကျဉ်းဦးစီးဌာနမြေပေါ်က ဖယ်ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဖယ်ပေးဖို့ ငြင်းဆန်သူတွေကို နယ်မြေကျူးကျော်မှု ပုဒ်မ ၄၄၇ နဲ့ အကျဉ်းထောင် တာဝန်ရှိသူက နှစ်ကြိမ် တရားစွဲခဲ့ရာမှာ ဒဏ်ငွေနဲ့ အမှုပြီးခဲ့တာပါ။
ထောင်ခြံစည်းရိုးခတ်ဖို့အတွက် ဖယ်ရှားပေးဖို့ ၂၀၁၉ ဇွန်လမှာ အမိန့်ထုတ်ခဲ့ပြီး ၂၀၂၀ ဇွန်လ ၃ ရက်နေ့မှာတော့ ဆယ့်ငါးရက်အတွင်းဖယ်ရှားဖို့ လားရှိုးအကျဉ်းထောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက စာပို့လာတယ်လို့ ဆိုပါတယ်။
မဉ္ဇူလမ်းမှာရှိတဲ့ နေအိမ်တချို့ဟာ တရားစွဲခံရမှာစိုးရိမ်တဲ့အတွက် ဖယ်ရှားသွားကြပြီဖြစ်ပြီး ဦးထွန်းထွန်းဝင်း၊ ဒေါ်သိန်းဌေး၊ ဦးဝင်းနိုင်တို့နေ အိမ်သုံးလုံးပဲ ကျန်တော့တာလို့ သူတို့ဖက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်သင်းသင်းလွင်က ပြောပါတယ်။
သူတို့က ဆောက်လုပ်ရေးဝန်ကြီးဌာနကို အယူခံတက်ခဲ့ပြီး ၂၀၂၀ ဇူလိုင်လအတွင်း အိုးအိမ်နဲ့စီမံကိန်းဌာနမှာ အပြီးသတ်လျှောက်လဲချက် ကြားနာတဲ့အခါမှာလည်း ပလပ်ခံခဲ့ရတယ်လို့ ရှေ့နေက ပြောပါတယ်။
ဖယ်ရှားခံရမယ့်သူတွေထဲမှာ ထောင်ဝန်ထမ်း အငြိမ်းစားမိသားစုတွေ၊ လက်လုပ်လက်စားနဲ့ ဈေးသည် မိသားစုတွေဖြစ်ပါတယ်။ တခြားနေရာ ပြောင်းနေဖို့ အခက်ခဲရှိတယ်လို့ ဆိုပါတယ်။
သူတို့ကို ဖယ်ရှားခိုင်းပေမယ့် သူတို့နားက နေအိမ်တွေက ဂရမ်လျှောက်လို့ရတဲ့ အခြေအနေဖြစ်နေတာဟာ ဥပဒေကြောင်းအရ လွဲမှားနေတယ်လို့ သူတို့က ဝေဖန်ပါတယ်။
RFA က လားရှိုးအကျဉ်းထောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ အကျဉ်းထောင်ဧရိယာမှာ ပါဝင်လို့သာ ဖယ်ရှားခိုင်းတာဖြစ်ကြောင်း၊ ပါဝင်တဲ့ နေအိမ်ဆယ့်ကိုးလုံး လောက်ရှိနေပြီး တချို့က ဖယ်သွားပြီဖြစ်ကြောင်း ပြောပါတယ်။
အကျဉ်းထောင်ဘေးက မဉ္ဇူလမ်းဟာ လားရှိုးမြို့ရပ်ကွက် ၉ ခေးနင်းရွာနဲ့ ရပ်ကွက် ၁၂ ကို ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပြီး အကျဉ်းထောင်က သူတို့ဧရိယာထဲပါတယ်ဆိုပြီး ၂၀၁၉ နိုဝင်ဘာမှ ကျောက်တိုင်စိုက်ပြီး လမ်းပိတ်ခဲ့လို့ ခေးနင်းရွာက တောင်သူနှစ်ဆယ်ကျော်က လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြပါသေးတယ်။