စားသောက်ဆိုင်တွေကိုကူညီဖို့ အစိုးရကို လုပ်ငန်းရှင်တွေ တောင်းဆို
2020.05.22
ကပ်ဘေးအန္တရာယ်ကြောင့် ပိတ်ထားရတဲ့ စားသောက်ဆိုင်တွေပြန်ဖွင့်နိုင်ဖို့ ကူညီနိုင်မယ့် နည်းလမ်းတွေကို အမြန်ဆုံးရှာဖွေ စီစဉ်ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်တချို့နဲ့ အွန်လိုင်း စကားဝိုင်းမှာ ပြောသွားတာ ဖြစ်ပါတယ်။
အခြေခံလူတန်းစားတွေ ဝယ်ယူစားသုံးရာ လမ်းဘေးဈေးဆိုင်တွေက ပိုပြီး အကူညီလိုတဲ့အတွက် အဲဒီဆိုင်တွေ အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့လိုတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
“လုပ်ငန်းရှင်တွေက စမ်းကြည့်ပြီးတော့ ဘာတွေကဖြစ်နိုင်လဲ၊ အခက်အခဲရှိရင် ကျွန်မတို့နဲ့တိုင်ပင်လို့ ရပါတယ်၊ အစိုးရနဲ့တိုင်ပင်။ ခက်ပေမဲ့လည်း ဒီတစ်နည်းသိပ်ခက်ရင် နောက်တစ်နည်းတော့ ရှာရမယ်။ အကာကွယ်မရှိဘဲ ဘယ်လိုမှ လုပ်လို့မရဘူး၊ စားသောက်ဆိုင်တွေဖွင့်လိုက်လို့ ကိုဗစ်ကူးစက်မှု ပြန့်လာရင် အားလုံးပြန်ပိတ်ရမယ်၊ ဘာမှအကျိုးမရှိဘူး။ စားသောက်ဆိုင်အကြီးတွေက အရင် ကတည်းက ကျန်းမာရေးကို ဦးစားပေးဖွင့်တဲ့ဆိုင်တွေဖြစ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်တွေကိုလိုက်နာဖို့ မခက်ခဲပေမယ့် လမ်းဘေးတွေ ဈေးတွေထဲမှာ ဖွင့်တဲ့ ဆိုင်တွေအနေနဲ့ ထုတ်ပြန်ချက်တွေ လိုက်နာဖို့ ခက်ခဲတယ်။"
ရန်ကုန်မြို့က ရွှေစင်္ကြာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးလူမော်ဝင်းက စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေထဲမှာ အစိုးရက ကူညီဆောင်ရွက်ပေးလို့ရနိုင်တာတွေ ရှိတယ်လို့ ပြောပြပါတယ်။
“အဓိကပြသနာက မြေငှားခ၊ တစ်နှစ်စာကနေ လေးငါးနှစ်စာထိ ကြိုပေးရတော့ အခုချိန်မှာက တော်တော် ဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်။ အစိုးရအနေနဲ့ ဘာဖြေရှင်းပေးလို့ရမလဲဆိုရင် အမြတ်ခွန် ဖြေလျှော့ပေးလို့ ရတယ်။ မီတာခရတယ်။ မီတာခက လုပ်ငန်းသုံးနဲ့ ဆောင်ရတယ်။ မီတာမကျရင် မီးလျှော့သုံးဆိုပေယ့် တစ်ကယ်လိုအပ်တဲ့နေရာမှာ မီးက မသုံးလို့မရဘူး၊ နောက်တစ်ချက် အခွန်ပေါ့"
ရန်ကုန်မှာ ပြန်ဖွင့်တဲ့ စားသောက်ဆိုင်တစ်ချို့ကို ရပ်ကွက်နေ ပြည်သူတွေက တိုင်ကြားခဲ့လို့ ပြန်ပိတ်ရတဲ့ ဆိုင်တွေလည်း ရှိတယ်လို့ပြောပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ တိကျတဲ့ ညွှန်ကြားချက်တွေကို တစ်နိုင်ငံလုံး သိအောင် ထုတ်ပြန်ပေးဖို့ တောင်းဆိုကြပါတယ်။
မန္တလေးမှာတော့ စားသောက်ဆိုင်တွေ ပြန်ဖွင့်လှစ်ဖို့ ပြင်ဆင်ချိန် ၁၀ ရက် ပေးထားတယ်လို့ မေလ ၂၀ ရက်နေ့က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးထားပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို စိတ်ဝင်စားနေကြသူ အများအပြားရှိနေပြီး ဆိုင်တွေ ပြန်ဖွင့်ရေးကို အစိုးရက သေချာ စဉ်းစားပေးစေချင်တယ်လို့ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခွင့်ရတဲ့ စားသုံးသူတစ်ဦးဖြစ်သူ ဒေါ်ယဉ်ယဉ်ငြိမ်းက အကြံပြုထားပါတယ်။
“စောင့်ကြည့် နားထောင်ပြီး စိတ်ပူနေကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီဆိုင်လေးတွေနဲ့ ကျွန်မတို့နဲ့က အပြန်အလှန် မှီခိုပြီးတော့ မနက်စာလည်း မနက်စာ၊ ထမင်းချိုင့် မပါတဲ့သူတွေဆို နေ့လယ်စာ ဆိုလည်း နီးတဲ့ ထမင်းဆိုင်သေးသေးလေးတွေကို အခြေခံလူတန်းစားတွေက ဖြေရှင်းကြရတယ်။ အဲဒီဆိုင်လေးတွေ ပြန်ဖွင့်ဖို့ဆို အခက်ခဲတွေကို ဖြေရှင်းဖို့ကို စားသုံးသူဘက်ကလည်း စိတ်ပူသလို နိုင်ငံတော် အနေနဲ့လည်း သေသေချာချာ စဉ်းစားပေးချင်ပါတယ်“
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းဘေး နေရာကျဉ်းကျဉ်းမှာ ဖွင့်ရတဲ့ ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့ ရောင်းချတာကိုသာ အားပေးတယ်လို့ ပြောပါတယ်။
ပြန်လည်ဖွင့်လှစ်မယ့် စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ သတ်မှတ်စည်းကမ်း လိုက်နာဖို့ သုံးကြိမ် ပျက်ကွက်ရင် ဆိုင်ကို ကာလ အကန့်အသတ်တစ်ခုအထိ ပိတ်သိမ်းခံရမယ်လို့ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာထားပြီးပါပြီ။
ဆိုင်တာဝန်ရှိသူတွေ လိုက်နာရမယ့် စည်းကမ်းတွေထဲမှာ လက်သန့်ဆေးနဲ့ လက်ဆေးကန် ထားရှိဖို့၊ ဝန်ဆောင်မှု ပေးသူတွေ နှာခေါင်းစည်းနဲ့ မျက်နှာကာ တပ်ဆင်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
မန္တလေးမြို့က ထီလာဦး အကင်ဆိုင်ပိုင်ရှင် ကိုအောင်ခိုင်စိုးက သူ့ဆိုင်ဟာ တခြားဆိုင်တွေလိုပဲ ကပ်ဘေး ကာလမှာ ရောင်းအား ထိုးကျလို့ အခက်အခဲဖြစ်နေပြီး ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်တွေအတွက် အကုန်အကျခံနိုင်မှုက အကန့်အသတ်နဲ့ပဲ ရှိနေတယ်လို့ ပြောပါတယ်။
“ဆိုင်အသေးလေးဖြစ်လို့ လက်ဆေး ဆပ်ပြာပဲ ထားနိုင်တယ်။ အများကြီး မလုပ်နိုင်ဘူး၊ ကြိုးတား ပေးထားတယ်။ ဖုန်းဆက်မှာရင် ပို့ပေးတယ်။ ရောင်းအားကလည်း သုံးပုံနှစ်ပုံ ကျတယ်။ ပုံမှန်အခြေအနေ ရောက်ဖို့က အချိန်ယူရမှာ၊ ပါဆယ်ပဲ ရောင်းတာဆိုတော့ အများကြီးလည်း မဝယ်ရဲဘူး၊ ည ၈ နာရီ လောက်ဆို လူက မရှိတော့ဘူး”
စားသောက်ဆိုင်ပိုင်ရှင်တွေဟာ ဆိုင်ထိုင်စနစ်နဲ့ ရောင်းချခွင့်မရတာ အချိန် နှစ်လကျော် ကြာမြင့်လာပြီဖြစ်လို့ ဆိုင်ထိုင်စနစ်နဲ့ ပြန်လည် ရောင်းချခွင့်ရဖို့အတွက်ကို မျှော်လင့်နေကြပါတယ်။