ထိုင်းဘက် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်နှစ်ထောင်ခန့် နေရပ်ပြန်
2024.04.22

ကရင်ပြည်နယ်၊ မြဝတီမြို့က တိုက်ပွဲကြောင့် ထိုင်းဘက်ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်ခန့်ထဲက နှစ်ထောင်ခန့်ဟာ အခြေအနေ တည်ငြိမ်လာတာကြောင့် နေရပ်ပြန်သွားကြပြီလို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဧပြီလ ၂၂ ရက်နေ့မှာ ဖော်ပြပါတယ်။
မြဝတီမြို့အခြေအနေ ပြန်တည်ငြိမ်လာပြီး ဆွေးနွေးညှိနှိုင်းတာတွေ စတင်ဆောင်ရွက်လာတာကြောင့် မနေ့က ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းမှာ စစ်ဘေးဒုက္ခသည် သုံးထောင်နီးပါးရှိရာက ဒီနေ့မှာတော့ စစ်ဘေးဒုက္ခသည် တစ်ထောင်ခန့်သာ ရှိတော့ကြောင်း ထိုင်းစစ်တပ်အရာရှိတစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေတဲ့နှစ်ဖက်ဟာ လက်ရှိမှာ ညှိနှိုင်းဆွေးနွေးနေသလို စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်ကနေ မြဝတီကို မရောက်သေးတဲ့အကြောင်း ထိုင်းစစ်တပ်အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ဘန်ကောက်ပို့စ်က ရေးသားထားတာပါ။
ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေး တံတားကိုလည်း ဖြတ်သန်းသွားလာခွင့်နဲ့ ကုန်သွယ်ရေးအတွက် ဆက်လက်ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အခြေအနေကို ထိုင်းစစ်တပ်က အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ကရင် အမျိုးသား အစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကတော့ စစ်ရေးအခြေအနေနဲ့ ပြည်သူလူထု အခြေအနေကို ပြန်သုံးသပ်နေတာကြောင့်သာ မြဝတီတိုက်ပွဲတွေကို ခဏရပ်နားထားတာလို့ RFA ကို ဒီနေ့ဖြေဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ မြဝတီမြို့ကို ဧပြီလ ၂၀ ရက်နေ့က လေကြောင်းနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဧရိယာနဲ့ မလွတ်တဲ့နေရာတွေက ဒေသခံတွေဟာ ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ ဂိတ်အမှတ် (၁၀)၊ (၁၁)၊ (၁၂) နဲ့ (၁၃) တို့ကနေ မဲဆောက်ဘက်အခြမ်းကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။
ထိုင်းစံတော်ချိန် ဒီနေ့ညနေ လေးနာရီခန့်မှာတော့ မြဝတီ-မဲဆောက် အမှတ် (၁) တံတားမှာ မြန်မာဘက်ကနေ ထိုင်းကိုသွားမယ့်သူတွေကို ပိတ်ထားပြီး ထိုင်းဘက်ကတော့ မြန်မာဘက်ကို ဖွင့်ထားတယ်လို့ RFA သတင်းထောက် Pimuk Rakkanam က ပြောပါတယ်။
ဒါ့အပြင် အမှတ် (၂) ကုန်သွယ်ရေးတံတားမှာတော့ ထိုင်းဘက်ကရော မြန်မာဘက်ကပါ ဘယ်ကုန်ကားမှ သွားလာခွင့်မရသေးဘူးလို့ Pimuk Rakkanam က ပြောပါတယ်။