အသက်မွေးဝမ်းကျောင်း လိုင်စင် ပြန်ထုတ်ပေးဖို့ တောင်းဆို

အစိုးရက ရုတ်သိမ်းထားတဲ့ အသက်မွေးဝမ်းကျောင်း လိုင်စင်တွေကို ပြန်ထုတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သမ္မတဦးသိန်းစိန်ကို တောင်းဆိုလိုက်ကြပါတယ်။

2011.11.05
aung_thein_attorney_305_z.jpg တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်း။ (Photo:RFA)
(Photo:RFA)

နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ အသက်မွေးဝမ်းကျောင်း လိုင်စင်နဲ့ ကျောင်းပြန်တက်ခွင့်ရရေး သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ အိုလံပစ်တာဝါမှာ ဒီကနေ့ ကျင်းပခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်တဲ့ ရှေ့နေတွေ၊ ဆရာဝန်တွေက ရှင်းလင်းဟောပြောခဲ့ကြကြောင်း လိုင်စင် ရုပ်သိမ်းခံထားရသူ ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းကျများရဲ့ အသက်မွေးဝမ်းကျောင်းလိုင်စင် ပိတ်ပင်ခံရမှုနဲ့ တက္ကသိုလ်ကျောင်းသားတွေ ကျောင်းပညာ ဆက်လက်သင်ကြားပိုင်ခွင့် ပြုရေးကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်တာပါ။ အမျိုးသား လူ့အခွင့်အရေး ဆုံးရှုံးနစ်နာသူများအနေနဲ့ ကျနော်တို့ လုပ်တာပါ”

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ လိုင်စင် ရုပ်သိမ်းခံထားရသူ ဗဟိုတရားရုံး ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးအောင်သိန်း၊ ဦးအောင်ရှိန်၊ ဦးသိန်းသန်းထွန်း၊ ဦးရောဘတ်စန်းအောင်၊ ဦးမြင့်ဌေးနဲ့ ဦးဌေးတို့ အပါအဝင် ဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမြင့်နိုင် တို့က ရှင်းလင်း ဟောပြောခဲ့ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် အသက်မွေးဝမ်းကျောင်း လိုင်စင် အပိတ်ခံထားရတဲ့ ရှေ့နေ ၂၂ ဦးနဲ့ ဆရာဝန် ၇ ဦး ရှိတယ်လို့ သိရပါတယ်။

လိုင်စင် ရုပ်သိမ်းခံထားရသူတွေက သူတို့ရဲ့ နစ်နာမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ရေးသားထားတဲ့စာကို နိုဝင်ဘာလ ၄ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးအောင်သိန်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။