ဆန်ဈေးမြင့်တက်


2017.11.19
myanmar-rice-622.jpg မြန်မာနိုင်ငံက ဆန်ကို တွေ့ရစဉ်
.

ပြည်တွင်းစားသုံးမှုများတဲ့ ပေါ်ဆန်းမွှေးနဲ့ တောင်ပျံ အုပ်စုဝင် ဆန်ဟောင်းတွေဟာ လက်ရှိအချိန်မှာ ဈေးနှုန်း အမြင့်ဆုံးအချိန်ကို ရောက်ရှိနေပြီး ပုံမှန်ဈေးနှုန်းထက် တစ်အိတ်ကို ပျမ်းမျှ ကျပ် ၈၀၀၀ ဝန်းကျင်လောက် မြင့်တက်နေပါတယ်။

ဒီရာသီဟာ ဆန်ဟောင်းဈေးအမြင့်ဆုံးအချိန်ပဲလို့ ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ဒီနေ့ ပြောပါတယ်။

"ကျနော်တို့ ဆန်နဲ့ ကောက်စောပေါ်တဲ့အချိန်မှာ ဆန်အဟောင်းက ရှားသွားတယ်လေ။ ခုနပြောသလို။ အဟောင်းရှားသွားတဲ့အချိန်မှာ အဟောင်းသမားက လက်ကျန်သိမ်းထားတဲ့သူက ဆွဲတင်ပြီး ရောင်းတယ်။ ပြည်တွင်းစားသုံးတဲ့သူက အသစ်ကို မစားဘူး။ အဟောင်းပဲစားတယ်။ လက်ကျန်နည်းသွားတော့ ဟိုကောင် ကလည်း အကြာကြီးသိမ်းထားရတာ။ ရင်းထားရတယ်ဆိုတော့ သူမြတ်အောင် ဆွဲတင်တယ်ပေါ့နော်။ အဲဒီအချိန်မှာ ဈေးအမြင့်ဆုံးပဲ။ အခု ဒီရာသီမှာ ဈေးအမြင့်ဆုံးပဲ။ ခု ၁၁ လပိုင်း ၁၂ လပိုင်းမှာ  အမြင့်ဆုံး"

ပုံမှန်ဆိုရင် ပြည်တွင်းစားသုံးမှုများတဲ့ ရွှေဘိုဒေသထွက် ပေါ်ဆန်းနဲ့ တောင်ပျံ အုပ်စုဝင် ဆန်ဟောင်း တစ်အိတ်ကို အောက်တိုဘာလဆန်းပိုင်းက ငါးသောင်းကျပ်အထိသာ ရှိပေမယ့် လက်ရှိအချိန်မှာ တစ်အိတ်ကို ၅ သောင်း ၈ ထောင် ကျပ် ဝန်းကျင်အထိ ဈေးတက်နေတာ ဖြစ်ပါတယ်။

ဆန်ချောတွေနည်းတူ အရင်က ဈေးနှုန်းမြင့်တက်ခဲ့တဲ့ ပြည်ပ တင်ပို့မှုများတဲ့ ဆန်ကြမ်းအများစုကတော့ ဈေးနှုန်းပြန်ကျနေပြီး လက်ရှိမှာ တစ်အိတ်ကို နှစ်သောင်းဝန်ကျင်သာ ရှိတော့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပုံမှန် အောက်တိုဘာလမှာ ဆန်သစ်ပေါ်တာဖြစ်ပေမယ့် ဒီနှစ်မှာ မုန်တိုင်းကြောင့် စပါးတွေ ရိတ်သိမ်းမှု နောက်ကျပြီး ဆန်ဈေးနှုန်းတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။