လောက်ကိုင်ဒေသခံတွေ ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရ

RFA Burmese
2023.11.09
လောက်ကိုင်ဒေသခံတွေ ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ဆန်များရောင်းချပေးနေသည်ကို တွေ့ရစဉ်။
Kokangnews

တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ပြတ်လပ်မှုတွေနဲ့ ကြုံနေရတယ်လို့ လောက်ကိုင်ဒေသခံအချို့က RFA ကို ဒီနေ့ပြောပါတယ်။

မြို့တွင်းက ဈေးဆိုင်တွေမှာ ဆန်လုံးဝယူလို့မရတဲ့အထိ ဖြစ်နေပြီး တစ်ခါတစ်ရံ တရုတ်နိုင်ငံဘက်က လာရောက်ရောင်းချတဲ့ ဆန်ကို တိုးဝှေ့ဝယ်ယူနေရတယ်လို့ ဒေသခံက ပြောပါတယ်။

ဆန်ဝယ်မရတဲ့သူတွေကတော့ ရှိတဲ့ခေါက်ဆွဲတွေကိုပဲ ပြုတ်ပြီးစားသောက်နေရတယ်လို့ လောက်ကိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆန်က လုံး၀ ဝယ်မရဘူး။ ကျွန်မတို့ဆိုရင် ဆန်ဝယ်မရတာ သုံးရက်ရှိနေပြီ။ အဲဒီအချိန်ကတည်းက ခေါက်ဆွဲပြုတ်ပဲစားနေရတာ။ အဆက်အသွယ်တွေလည်း အကုန်ဖြတ်ထားတဲ့ပုံစံဖြစ်နေတာ။ ဖုန်းလိုင်းလည်းမရ၊ အင်တာနက်လိုင်းလည်းမရဘူး။ တရုတ်ဖုန်းလိုင်းပဲရတာ။ လူတွေ တော်တော်ဒုက္ခရောက်နေပြီ"

စားသောက်ကုန်တွေလည်း ဈေးတက်နေတာကြောင့် ဝင်ငွေမရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ပိုပြီးအခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကတော့ ဒေသအတွင်း စားဝတ်နေရေးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ ဆန်ဝယ်ယူဖြည့်တင်းပေးနေတယ်လို့ နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

လူတစ်ဦးအတွက် ၅၀ ကီလိုဂရမ်ပါတဲ့ ဆန်တစ်အိတ်ကို တရုတ်ယွမ် နှစ်ရာ (မြန်မာငွေ ခုနစ်သောင်းနီးပါး) နဲ့ ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဆန် ၃၃ တန်ကို ရောင်းချပေးခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။

အခုလိုရောင်းချပေးတဲ့ ဆန်တွေကို အမြတ်တင်ပြီး ပြန်လည်ရောင်းချတာမလုပ်ဖို့လည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကိုးကန့်ဒေသမှာ တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်မျဉ်း အမှတ် BP -125 အနီးကို တိမ်းရှောင်လာတဲ့ ဒုက္ခသည် တစ်သောင်းခွဲဝန်းကျင်အထိ ရှိနေပြီဖြစ်တယ်လို့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့အထိ လောက်ကိုင်မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိသေးဘဲ မြို့အနီးတစ်ဝိုက်မှာတော့ ပစ်ခတ်သံတွေကို ကြာနေရတယ်လို့ ဒေသခံက ပြောပါတယ်။

ကိုးကန့်ဒေသအတွင်း အခြေအနေအသေးစိတ်ကို သိရှိနိုင်ဖို့ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသဦးစီးအဖွဲ့ တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

ကုန်ဈေးနှုန်းကြီးမြင့်တာ၊ စားသောက်ကုန်တွေ ပြတ်လပ်တာအပြင် စစ်ရေးပဋိပက္ခတွေ ပိုတိုးလာတာကြောင့် လောက်ကိုင်ဒေသခံအများစု မြို့ကနေ ထွက်ခွာခွင့်ရဖို့ လိုလားနေကြတာပါ။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ပြောခွင့်ရ လီကျားဝမ် ကတော့ လက်ရှိစစ်ပွဲအခြေအနေအရ ပိတ်မိနေသူတွေ သူတို့နေရပ်ပြန်နိုင်ရေး မဖြစ်နိုင်သေးဘူလို့ ပြောပါတယ်။

သူတို့တပ်ဖွဲ့ဝင်နေတဲ့ နီးစပ်တဲ့နေရာတွေမှာ ဒုက္ခသည်တွေ စားသောက်ရေး အဆင်ပြေအောင် တတ်နိုင်သလောက် အကူအညီပေးနေပြီး လမ်းပိုင်းတွေမှာ ပိတ်မိနေသူတွေ ဘေးကင်းရာရောက်ဖို့အတွက် ကူညီပေးနေတယ်လို့ပြောပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၉ ရက် ဒီနေ့အထိ ရှမ်းမြောက်ဒေသ နောင်ချို၊ လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ ဟိုပန်၊ လောင်ကိုင်၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း လမ်းပိုင်းတွေအားလုံး ပြတ်တောက်နေတာပါ။

ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေတာကြောင့် ဆန်အပါအဝင် အခြေခံ စားသောက်ကုန်၊ စက်သုံးဆီ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။