ဆန်ဈေးတည်ငြိမ်ရေးအတွက် ဆန်သိုလှောင်ရုံတွေ မှတ်ပုံတင်ဖို့ စစ်ကောင်စီပြော

RFA Burmese
2024.06.25
ဆန်ဈေးတည်ငြိမ်ရေးအတွက် ဆန်သိုလှောင်ရုံတွေ မှတ်ပုံတင်ဖို့ စစ်ကောင်စီပြော ရန်ကုန်မြို့၊ ဆန်ပွဲရုံတစ်ခုရှိ ဆန်အိမ်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ဆန်စပါးဈေးကွက် ဈေးနှုန်းတည်ငြိမ်ရေးနဲ့ ဆန်စပါးသိုလှောင်မှု စနစ်တကျ မှတ်တမ်းပြုစုနိုင်ဖို့အတွက် ဆန်စပါးသိုလှောင်ရုံတွေ မှတ်ပုံတင်ရမယ်ဆိုပြီး စစ်ကောင်စီက ဇွန်လ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာကနေတစ်ဆင့် အသိပေးထုတ်ပြန်ပါတယ်။

ဆန်ကို သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းလို့ဆိုပြီး ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေအပါအဝင် ဆန်ကုန်သည်တချို့ ခေါ်ယူစစ်ဆေးခံရပြီးနောက် စစ်ကောင်စီက အခုလို ထပ်မံထုတ်ပြန်လာတာပါ။

စစ်ကောင်စီကတော့ ဆန်စပါးသိုလှောင်ရုံတွေ မှတ်ပုံတင်ဖို့အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုက ထပ်မံအသိပေးတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလိုထုတ်ပြန်လာတာဟာ စစ်ကောင်စီက ဆန်ဈေးကွက်ကိုထိန်းချုပ်ဖို့နဲ့ ဆန်ဈေးကျဖို့အတွက် နည်းမျိုးစုံနဲ့ တင်းကျပ်လာတာလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

စစ်ကောင်စီကတော့ စီးပွားရေးအတွက် ရည်ရွယ်ပြီး ဆန်တန်ချိန် ၅၀ ဒါမှမဟုတ် စပါးတင်းငါးထောင်နဲ့အထက် သိုလှောင်နိုင်တဲ့ ဆန်စပါးသိုလှောင်ရုံတွေ မှတ်ပုံတင်ကြဖို့ ပြောဆိုထားပြီး လက်ရှိမှာ ကုမ္ပဏီပိုင်နဲ့ တစ်ဦးချင်းပိုင် စုစုပေါင်း သိုလှောင်ရုံ ၇၂၆ လုံး မှတ်ပုံတင်ထားပြီးပြီလို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်းမှာတော့ ဆန်ကို သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းချလို့ဆိုပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းသုံးခုက အသင်းဥက္ကဋ္ဌတွေနဲ့ ဆန်ကုန်သည်ဆယ်ဦးကျော် ခေါ်ယူစစ်ဆေးခံနေရသလို ဆန်စက် ကိုးလုံးကျော်နဲ့ လက်လီဆန်ဆိုင်တချို့ပါ အပိတ်ခံထားရတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ အစီအစဥ်နဲ့ ဆန်ကြမ်းတစ်ပြည်ကို ကျပ်သုံးထောင်၊ ဆန်ချောတစ်ပြည်ကို ကျပ်ငါးထောင် ဈေးနှုန်းတွေနဲ့ အချိန်ကန့်သတ်ပြီး သတ်မှတ်နေရာတွေမှာ ရောင်းချပေးနေတာတွေ ပြုလုပ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။