သတ်မှတ်နှုန်းအတိုင်း မရောင်းလို့ဆိုပြီး ဆန်ကုန်သည်တချို့ ခေါ်ယူစစ်ဆေးခံနေရ

RFA Burmese
2024.06.22
သတ်မှတ်နှုန်းအတိုင်း မရောင်းလို့ဆိုပြီး ဆန်ကုန်သည်တချို့ ခေါ်ယူစစ်ဆေးခံနေရ ရန်ကုန်မြို့၊ ဆန်ပွဲရုံတစ်ခုရှိ ဆန်အိမ်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်း မရောင်းချလို့ဆိုပြီး ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ဆန်ကုန်သည်တချို့ကို ဇွန်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတယ်လို့ ဆန်ကုန်သည်တွေနဲ့ ဆန်အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

အဲဒီဆန်ကုန်သည်တွေကို ရန်ကုန်နဲ့ နေပြည်တော်မှာ စစ်ဆေးမေးမြန်းနေတယ်လို့ ဆန်ကုန်သည်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“တချို့က နေပြည်တော်မှာ၊ တချို့က ရန်ကုန်နဲ့ ဧရာဝတီတိုင်းက နေအိမ်တွေ၊ ပွဲရုံတွေမှာ ဖမ်းခံထားရတယ်လို့ ကြားတယ်။ အဓိက ကတော့ ဆန်ဈေးတွေကစားတာကို မေးမြန်းပုံရပါတယ်။ တချို့ကလည်း ခက်တယ်။ စားအုန်းဆီကိစ္စတုန်းကလည်း ဖမ်းခံထားရတဲ့ ဥပမာရှိတာကို ဈေးကစားကြတော့ ခံရတာပေါ့။ တချို့ပွဲရုံတွေ ချိပ်ပိတ်ခံရတယ်လို့ ကြားပေမဲ့ အတည်ပြုလို့မရပါဘူး”

မြန်မာနိုင်ငံ ဆန်အသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်နဲ့ ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်တို့လည်း နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ ဆန်ကုန်သည်တချို့က ပြောပါတယ်။

MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ဖုန်းဖြေဆိုဖို့မအားသေးကြောင်းသာ တုံ့ပြန်ခဲ့ပါတယ်။

ဆန်ကုန်သည် ဘယ်နှဦးကို ခေါ်ယူစစ်ဆေးနေလဲဆိုတာကိုတော့ ဆန်ကုန်သည်တွေအနေနဲ့ တိတိကျကျမသိကြသေးသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန်ရောင်းဝယ်ရေးလုပ်နေသူတစ်ဦးကတော့ စစ်ကောင်စီသတ်မှတ်တဲ့ ဈေးနှုန်းအတိုင်း ရောင်းပေးဖို့ အဆင်မပြေနိုင်ဘူးလို့ RFA ကို ပြောပါတယ်။

“သူတို့ (စကစ) က သတ်မှတ်တဲ့ဈေးနှုန်းနဲ့က ဆန်စက်ရုံမှာတောင် ဝယ်လို့မရဘူး။ သူတို့ပြောတဲ့အတိုင်း ရောင်းမယ်ဆိုရင် ဈေးကွက်မှာ ဆန်အရောတွေ များလာမယ်။ အရင်တုန်းကလည်း လုပ်နေကြတာပဲ။ ဆန်အကောင်းနည်းနည်းနဲ့ ဇကွဲတွေရောပြီး ရောင်းကြတာ စသဖြင့်ပေါ့။ သူတို့ပေးရတဲ့ပိုက်ဆံနဲ့ တန်တဲ့ဆန် မရဘူးဖြစ်သွားလိမ့်မယ်။ ဘာလို့ဆိုရင် ဘယ်သူမှအရှုံးခံပြီး လုပ်မှာမဟုတ်ဘူးလေ”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန်ဈေးနှုန်းဟာ သုံးဆအထိ မြင့်တက်သွားတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာမထုတ်ပြန်သေးသလို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီအနေနဲ့ ရွှေဘိုပေါ်ဆန်းမွှေး (ဆန်ချော) တစ်အိတ်ကို ကျပ် ၁၃၅,၀၀၀ ကနေ ကျပ် ၁၄၅,၀၀၀ နဲ့ ဧည့်မထ (ဆန်ကြမ်း) တစ်အိတ်ကို ကျပ် ၇၇,၀၀၀ ကနေ ကျပ် ၇၉,၀၀၀ အတွင်းသာ ရောင်းချဖို့ သတ်မှတ်ထားတာပါ။

လက်ရှိဈေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းမွှေး (ဆန်ချော) တစ်အိတ်ကို ကျပ် ၁၇၈,၀၀၀၊ ဆန်ကြမ်းတစ်အိတ်ကို ကျပ်တစ်သိန်းနီးပါး ဈေးပေါက်နေတယ်လို့ ဆန်ရောင်းချသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။