တပ်မတော်သား ကိုယ်စားလှယ် ရုပ်သိမ်းရေး ပြင်ဆင်ချက် ဥပဒေကြမ်း လွှတ်တော်အတည်ပြု
2014.03.18

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး တာဝန်ကရုပ်သိမ်းချင်တယ်ဆိုရင် နိုင်ငံ သားတစ်ဦးဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ဆီ တင်ပြတိုင်တန်းနိုင်ကြောင်း လွှတ်တော်ကိုယ် စားလှယ်တာဝန်က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းမှာ ဖြည့်စွက်တင်သွင်းတာကို ဒီနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တင်သွင်း ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်က ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ဥပဒေ ကြမ်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က ပြင်ဆင်ချင် တာတွေကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့အချက်တွေကို ဥပဒေကြမ်းကော်မတီ က ပြင်ဆင်လိုက်တာတွေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက အခုလိုပြောပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ အားလုံးအကျုံးဝင်တယ်လေ၊ လွှတ်တော်ကိုယ်စားလှယ် ဆိုတော့ ရွေးကောက်ခံတွေပဲ မဟုတ်ဘူးပေါ့၊ တပ်မတော်သားတွေလည်း ပါတာပဲပေါ့လေ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကျတော့ နိုင်ငံသားတစ်ဦးဦးကလည်းကောင်း တာဝန်မှပြန်လည်ရုပ်သိမ်းလိုတဲ့ တပ်မတော်သား ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီးတော့ တိုင်းတန်းချက်ကို နိုင်ငံသားတစ်ဦးဦးကလည်းကောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရမယ်"
နိုင်ငံသားတစ်ဦးဦးက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်ကပြန်လည်ရုပ်သိမ်းလိုတယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြလာရင် ကော်မရှင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီ အကြောင်းကြားရမှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စုံစမ်းစစ်ဆေးရမယ်လို့ ဥပဒေကြမ်း မှာ ဖြည့်စွက်ထားပါတယ်။
ဒါ့အပြင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်က ပြန်လည်ရုပ်သိမ်းချင်တယ်ဆိုရင် သက်ဆိုင်ရာမဲဆန္ဒနယ်က မဲပေးပိုင်ခွင့်ရှိသူ အနည်းဆုံး ၁ ရာခိုင်နှုန်းက ပြည်ထောင်စုလွှတ်တော်ကို တင်ပြတိုင်တန်းနိုင်တယ်လို့ ဥပဒေမူကြမ်းမှာ ပါရှိပါတယ်။
တာဝန်က ပြန်လည်ရုပ်သိမ်းဖို့ တိုင်တန်းချက်တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ၃ဦးနဲ့ နိုင်ငံသား ၂ ဦးပါဝင်တဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့ရမယ်လို့လည်း ပြင်ဆင်ထားပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဇင်မာဝင်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။