မြန်မာနိုင်ငံအပေါ် ကုလစုံစမ်းရေးကော်မရှင် ဖွဲ့ရေး အိမ်ဖြူတော်မှာ ဆွေးနွေး

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ဖို့ အမေရိကန်နိုင်ငံက ဘယ်လို ကူညီ ဆောင်ရွက်နိုင်သလဲဆိုတဲ့ ဆွေးနွေးပွဲတရပ်ကို မတ်လ ၂ ရက်က အမေရိကန်သမတ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

2011.03.03
white_house_flag_generic_305_z.png အမေရိကန် ပြည်ထောင်စု သမ္မတ ရုံးစိုက်ရာ ဝါရှင်တန် ဒီစီ မြို့တော်ရှိ အိမ်ဖြူတော် ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP
အဲဒီဆွေးနွေးပွဲမှာ အမေရိကန် သမတ အိမ်ဖြူတော်ရဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသား လုံခြုံရေးကောင်စီ အကြီးတန်း ညွှန်ကြားမှူးတဦးဖြစ်သူ Ms. Samantha Power က US Campaign for Burma အဖွဲ့အပါအဝင် A.I အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့ကို ဖိတ်ကြားပြီး ဆွေးနွေးခဲ့ကြောင်း US Campaign for Burmaအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်းရေးမှူး မစ္စတာ ကင်တားနားကလည်း မတ်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို တင်သွင်းလိမ့်မယ်။ အဲဒီလို တင်သွင်းပြီးတဲ့အခါမှာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများက ပူးတွဲပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို တင်သွင်းဖို့လည်း ရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ကို ရှင်းပြတယ်၊ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ သိချင်တာတွေ၊ ကျွန်တော်တို့ ဖြစ်စေချင်တာတွေကို ပြန်ပြီးတော့ ဆွေးနွေးတယ်ပေါ့။”

အာဖရိကမြောက်ပိုင်း နိုင်ငံတခုဖြစ်တဲ့ လစ်ဗျားနိုင်ငံ ပြည်သူတွေရဲ့ အုံကြွမှုကို သမတ ကဒါဖီက သွေးထွက်သံယို နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူမှုတွေ လုပ်လာသလို ၊ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် လစ်ဗျားနိုင်ငံကို စေလွှတ်ဖို့ ဖြစ်လာတာကြောင့် မြန်မာနိုင်ငံကိုလည်း အလားတူ အရေးယူမှုမျိုး ဖြစ်လာနိုင်မဲ့ နည်းလမ်းတွေကို သမတအိမ်ဖြူတော်မှာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ လာမဲ့ မတ်လ ၂၄ ရက်နေ့ထိ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအတွင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့မှာ တင်သွင်းဖို့ ရှိပြီး အဲဒီနောက်မှာတော့ အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် စေလွှတ်သင့်တဲ့အကြောင်း အစီရင်ခံစာတရပ် တင်သွင်းဖို့ ရှိတယ်လို့ သိရပါတယ်။

သမတအိမ်ဖြူတော်မှာ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး US Campaign for Burma အဖွဲ့က ဦးအောင်ဒင်ကို RFA မှ ဦးဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။