အိန္ဒိယဘက် ထွက်ပြေးနေရတဲ့ ရိခေါ်ဒါရ်ဒေသခံ ငါးထောင်ကျော် နေရပ်ပြန်မရသေး

RFA Burmese
2023.11.14
အိန္ဒိယဘက် ထွက်ပြေးနေရတဲ့ ရိခေါ်ဒါရ်ဒေသခံ ငါးထောင်ကျော် နေရပ်ပြန်မရသေး အိန္ဒိယ- မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက ရိခေါ်ဒါရ်မြို့ကို နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းမှာ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာပစ်မှာစိုးရိမ်ရတာကြောင့် အိန္ဒိယဘက် ထွက်ပြေးနေရသူ ငါးထောင်ကျော် နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့က နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ငါးထောင်ကျော် ကတော့ အိန္ဒိယနိုင်ငံ၊ ဇိုခေါ်ထာရ်ရွာဘက် ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်လာနိုင်တာကြောင့် ရိခေါ်ဒါရ်ဘက် မပြန်ကြသေးလို့ လော်စပီကာတွေနဲ့ လိုက်အော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရသူ ဆလိုင်းထက်နီကတော့ လက်ရှိ ရိခေါ်ဒါရ်မြို့ကို နယ်မြေရှင်းလင်းရေး လုပ်နေပြီး ဒေသခံတွေပြန်လာနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ RFA ကိုပြောပါတယ်။

"အခု ရိခေါ်ဒါရ်မြို့ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းထားနိုင်တဲ့ အနေအထားမှာ ရှိနေပါပြီ။ လောလောဆယ်တော့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပါတယ်။ ဟိုဘက်ကမ်းကို တိမ်းရှောင်သွားတဲ့ဒေသခံတွေ ပြန်လာဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်"

နှစ်ဖက်တိုက်ပွဲအတွင်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ချင်းအမျိုးသား တပ်ဦး (CNF) တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့လည်း ဆလိုင်းထက်နီက ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါအဝင် ခုနစ်ဦး လက်နက်ချခဲ့ပြီး သုံးဆယ်ကျော်ကတော့ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတာကြောင့် အိန္ဒိယဘက်က ဒေသအာဏာပိုင်အဖွဲ့တွေ ထိန်းသိမ်းထားတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ဒီအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

လက်ရှိ ရိခေါ်ဒါရ်မြို့ အမှတ်(၁) နဲ့ အမှတ်(၂) ရပ်ကွက်ကို ဆက်သွယ်ထားတဲ့ လမ်းအားလုံးကို ပိတ်ထားပြီး ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ ချင်းဒေသ ကာကွယ်ရေးအဖွဲ့ (ဟွာလ်ငိုရမ်အဖွဲ့)က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။