လူထုအတွင်း ဖျက်ဆီးရမ်းကားသူတွေကို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးကာကွယ်

ခက်မာ(ဝါရှင်တန်ဒီစီ)
2021.02.13

မြို့ကြီးတချို့နဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်အားလုံးလိုလိုမှာ လူထုကို အထိတ်တလန့်ဖြစ်အောင်လုပ်နေသူ တွေကို ဖမ်းမိခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကို ကမ္ဘာကသိအောင် ဖော်ထုတ်သွားမယ်လို့ ပြည်သူတွေကပြော ပါတယ်။

နိုင်ငံနဲ့ အဝှမ်းမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ။ စစ်အုပ်ချုပ်ရေးယန္တရား ပျက်သွားအောင် အစိုးရဝန်ထမ်းတွေအလုပ်မဆင်းတဲ့ CDM လှုပ်ရှားမှုတွေ အရှိန်မြင့်နေဆဲမှာပဲ စစ်တပ်ကလည်း အဲဒီ လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို တရကြမ်းလိုက်လံဖမ်းဆီးနေပါတယ်။ တချိန်ထဲမှာပဲ မြို့ကြီးတချို့မှာ ပြည်သူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်အောင် ရန်စသူတွေ၊ အထိတ်တလန့်ဖြစ်အောင် လုပ်သူတွေကို ရပ်ကွက်သူရပ်ကွက်သားတွေက ဖမ်းဆီးစစ်ဆေးနေပုံတွေလည်း လူမှုကွန်ရက်မှာ ဆက်တိုက်ဆိုသလို တွေ့နေရပါတယ်။

ရန်ကုန်တိုင်းမြို့နယ်အတော်များများမှာ အဲဒီလိုအဖြစ်အပျက်တွေရှိနေပြီး လူနာတင်ကားတွေ၊ ပရဟိတကား တွေက ရန်စပြီးအထိတ်တလန့်ဖြစ်အောင် လုပ်သူမယ့်သူတွေကို နေရာအနှံ့မှာ လိုက်ချပေးနေတာတွေတွေ့ရ ပါတယ်။ အဲဒီထဲက အများစုဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကမှ ထောင်ကထွက်လာသူတွေဖြစ်ကြတယ်လို့ ဖမ်းမိသူတွေက ဝန်ခံပြောဆိုကြပြီး ထောင်ထွက်လက်မှတ်တွေနဲ့အတူ ဖမ်းမိကြတာပါ။ ဗီဒီယိုတခုထဲမှာ ဆိုရင် အဲဒီလိုလူတွေကိုလိုက်ချပေးနေတဲ့ လူနာတင်ကားကို လူထုကဝိုင်းလာတဲ့အခါ မောင်းပြေးသွားတာ မြင်ရပါတယ်။

နောက်ဗီဒီယိုတခုဆိုရင်လည်း ထောင်ထွက်တွေကို ရပ်ကွက်ထဲမီးရှို့ဖို့ ကဉ္စဏမဟီ လူမှုကူညီရေးအဖွဲ့ကားနဲ့ တင်ခေါ်လာတာကို လူထုက ဖမ်းမိတာဖြစ်ပါတယ်။

သင်္ကန်းကျွန်းထဲမှာလည်း ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့အချိန်မှာ ရပ်ကွက်ထဲ ညအချိန်ရောက်လာပြီး ပုန်းနေတဲ့သူတယောက်ကို ပြည်သူတွေကဖမ်းမိခဲ့ပါတယ်။ ရပ်ကွက်ထဲမှာမီးရှို့ ဖို့ဖြစ်တယ်လို့ စစ်ဆေးတဲ့အခါ ပြောပါတယ်။ အဲဒီလိုပဲ ဆင်မလိုက်၊ စမ်းချောင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ကန်တော်လေး၊ ကျိုက်ဝိုင်း၊ မြောက်ဒဂုံ၊ စတဲ့မြို့နယ် တွေမှာလည်း ညမထွက်ရအမိန့်အောက်မှာပဲ ညကြီးမင်းကြီး ရပ်ကွက်ထဲ ရောက်လာသူတွေ၊ ဆူဆူပူပူဖြစ်ပြီး လူတွေမငြိမ်မသက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေသူတွေကို ဖမ်းမိတဲ့ ဗီဒီယိုသတင်းတွေကို ဆက်တိုက်တွေ့နေရပါတယ်။

တချို့ကို ရပ်ကွက်ထဲ မီးကွင်းပစ်ဖို့ ပစ္စည်းပစ္စယတွေနဲ့ ဖမ်းမိပါတယ်။ တချို့ကိုတော့ အမျိုးအမည်မသိ ဓာတုဗေဒပစ္စည်းတွေ၊ အဆိပ်လို့ရေးထားတဲ့ ပုလင်းတွေနဲ့မိပါတယ်။ အဲဒီလိုတွေ မိနေချိန်မှာပဲ ရေသန့် ပုလင်းသောက်မိလို့ အဆိပ်မိတဲ့လက္ခဏာနဲ့ ဆေးရုံရောက်လာသူရဲ့ ဗီဒီယိုလည်း ပျံ့နှံ့နေပါတယ်။

သင်္ကန်းကျွန်းမြို့နယ်မှာတော့ တိုက်ခန်းတွေက ရေကန်တွေထဲကို အဆိပ်လိုက်ခတ်နေတဲ့ ထောင်ထွက် ၂ ယောက်ရဲ့ပုံနဲ့ သူတို့နဲ့ပါလာတဲ့ ဆေးပုလင်းတွေကို ဖမ်းမိခဲ့ပါတယ်။ မန္တလေးတိုင်း၊ မိထ္ထီလာမြို့မှာတော့ လောက်လေးခွတွေ ကိုင်ထားတဲ့သူအများစုပါတဲ့ လူတအုပ်က ဆန္ဒပြသူ လူအုပ်စုထဲကို လောက်လေးခွတွေ၊ ခဲလုံးတွေနဲ့ ပစ်နေပြီး ဆိုင်ခန်းတချို့ကို ဖျက်ဆီးပစ်ကြပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာလည်း ညအချိန်မတော်ရောက်လာတဲ့ လူနာတင်ကားကိုမင်္သာလို့ လူထုက ဝိုင်းဝန်းစစ်ဆေးချိန်မှာ ဘာမှ ရေရေရာရာ မဖြေနိုင်ဘဲ ပြန်ထွက်သွားတာတွေ့ရပါတယ်။ လူထုက တနေရာကို အာရုံစိုက်နေချိန်မှာ နောက်တနေရာကနေ ရုတ်ရုတ်သဲသဲဖြစ်သွားအောင် လုပ်နေတာတွေကိုလည်း အဲဒီဗီဒီယို ထဲမှာ တွေ့ရပါတယ်။

မန္တလေးမှာတော့ ညမထွက်ရ သတ်မှတ်ထားအချိန်မှာ ရပ်ကွက်ထဲ ဝင်ရောက်လာတဲ့ သူတွေကို ပြည်သူက ဝိုင်းဖမ်းဆီးလိုက်ပါတယ်။ သူ့ကို စစ်ဆေးတဲ့အခါ သူဟာ တပ်က ဗိုလ်ကြီးအဆင့်ရှိသူလို့ဖြေပြီး တပ်ကဆိုတဲ့ စာရွက်စာတမ်း အထောက်အထားတွေကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလို ရမ်းကားနေတာတွေကို ရဲက ဖမ်းဆီးတာ၊ တားမြစ်တာတွေမတွေ့ရသလို ဖမ်းမိသူတချို့က သူတို့ကို ရဲကခိုင်းတာလို့ ဖြေဆိုနေသံတွေ ကိုလည်း ဗီဒီယိုတချို့မှာ ကြားရပါတယ်။

အခုအချိန်မှာတော့ နိုင်ငံအနှံ့က ပြည်သူတွေဟာ ညဘက်မှာ ကျီးလန့်စာစား ဖြစ်နေကြပါတယ်။ဒါပေမဲ့ ကိုယ့်ရပ်ကွက်ကို ကိုယ်ကာကွယ်ပြီး မသင်္ကာတာတွေ့ရင် ဝိုင်းဝန်းဖမ်းဆီးဖြေရှင်းနေကြပါတယ်။ ဖမ်းဆီးမိ သူတွေကို ရဲလက်မအပ်ကြဘဲ ကိုယ့်လုံခြုံရေးနဲ့ကိုယ် ထိန်းသိမ်းထားကြပြီး နောက်နေ့တွေမှာ သံရုံးတွေ ရှေ့ခေါ်သွားပြီး သတင်းမီဒီယာတွေနဲ့ မေးမြန်းစေပြီး ကမ္ဘာကသိအောင် ဆောင်ရွက်သွားမယ်လို့ အချင်းချင်း သတင်းစကား ပေးပို့ထားကြပါတယ်။

တချို့ နေရာတွေကတော့ သူတို့ရပ်ကွက်လုံခြုံရေး၊ အုပ်ချုပ်ရေးကိစ္စတွေကို ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရ ပြန်တက်မလာမချင်း သူတို့ဘာသာ တာဝန်ယူမယ်လို့ ရပ်ကွက်တွင်း လှည့်လည်ကြေညာကြပါတယ်။ လူထုက ရပ်ကွက်အဝင်အထွက် လမ်းတွေကို ပိတ်လိုက်ပြီး ကိုယ်လမ်းကိုယ် လုံခြုံရေးတာဝန်ယူ ကင်းစောင့် နေကြပါတယ်။

ပြည်သူတွေဟာ ညဘက်မှာ အဖျက်အမှောင့်လုပ်ဆောင်နေသူတွေကို လူထုအားနဲ့ပဲ ဖမ်းဆီးကာကွယ် နေကြသလို နေ့ဘက်တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန်မပျက် ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေး ယန္တရားပျက်သွားအောင် အစိုးရဝန်ထမ်းတွေ အလုပ်မဆင်းတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းလာတဲ့ အစိုးရဝန်ထမ်းအရေအတွက်ဟာလည်း တနေ့တခြား များပြားလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။