မလိခမြစ်ရေကြီးမှုကြောင့် နေအိမ် နှစ်ရာကျော် ရေထဲမျောပါပျက်စီး

ကချင်ပြည်နယ် မလိခမြစ်ရေကြီးမှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက် ရွာတွေက နေအိမ် နှစ်ရာကျော် ရေထဲမျောပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။
မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် မြို့နယ်တွေက တီယန်ဇွပ်၊ လယန်၊ အင်ဒွမ်ယန်၊ အင်ထန်းဇွပ်၊ ခါဘာ စတဲ့ ရွာတွေက နေအိမ်တွေဟာ ဇွန်လ ၃၀ ရက်နေ့ကစပြီး ဒီနေ့အထိ လေးရက်တာ ရေကြီးရေလျှံမှုအတွင်း မျောပါပျက်စီးခဲ့တာလို့ အင်ဂျန်းယန်မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီရေကြီးမှုမှာ တီယန်ဇွပ်ကနေ အထက်ဘက် မလိခမြစ်တလျှောက် အနည်းဆုံး နေအိမ်နှစ်ရာလောက် ပါသွားပြီ။ လယန်ရွာ တစ်ရွာမှာတောင်မှ အိမ်ခြေ ငါးဆယ်လောက် ပါသွားတယ်။ အခုက မြစ်ကြီးနား-ပူတာအို ကားလမ်းလည်း လုံးဝသွားလို့မရတော့ တချို့တွေက တီယန်ဇွပ်ကနေ လမ်းလျှာက်လာကြတာတောင်ရှိတယ်”
မိုးသည်းထန်လို့ မြစ်ကြီးနား-ပူတာအိုကားလမ်းမှာ တောင်ပြိုတာနဲ့ ကားလမ်းပျက်စီးတာတွေကြောင့်လည်း ကုန်သွယ်ရေးလမ်းတွေ ပြတ်တောက်သွားတယ်လို့ ခရီးသည်တင်ယာဉ် ပြေးဆွဲသူ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ပူတာအိုလမ်းက တောက်လျှောက်ကို ပျက်စီးနေတယ်။ မြစ်ကြီးနားမြို့ကနေ တီယန်ဇွပ်ရွာကြားလည်း ရေကြီးလို့ လမ်းတွေ ပြိုသွားပြီ။ ဆွမ်ပရာဘွမ်အကျော် ဖုန်ကျန်းရွာနားမှာလည်း တောင်ပြိုနေတယ်။ အခုက လမ်းရှင်းတဲ့ ဆောက်လုပ်ရေးသမားတွေမရှိတော့ ကြာဦးမယ်။ လမ်းရှင်းဖို့နဲ့ တချို့နေရာတွေက လမ်းအသစ် ပြန်ဖွင့်ရမယ်”
လမ်းတွေပျက်စီးနေတဲ့အတွက် ယာဉ်အစီးရေ ခြောက်ဆယ်ခန့်လည်း ပိတ်မိနေတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်က ရေကြီးရေလျှံမှုတွေကြောင့် မြစ်ကြီးနား၊ ချီဖွေ၊ ၀ိုင်းမော်၊ တနိုင်း၊ ဖားကန့်၊ ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေက လူ တစ်သောင်းထက်မနည်း ရေဘေးကြုံနေရပါတယ်။