ရိုဟင်ဂျာတွေကို နိုင်ငံသားပြုပေးဖို့ ကုလသမဂ္ဂတောင်းဆိုချက် RNDP ကန့်ကွက်


2013.11.23
rndp-305.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရုံးချုပ်
photo: RFA/ Min Thein Aung

ပြီးခဲ့တဲ့ရက်ပိုင်းက ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ တင်သွင်းအတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်စာတမ်း အပိုဒ် ၁၀ မှာပါရှိတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားပြုခွင့်ပေးရန်ဆိုတဲ့အချက်ကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဒီကနေ့ ရက်စွဲနဲ့ သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီသဘောထားကြေငြာချက် ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရဲ့ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ ၆၈ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ တတိယကော်မတီရဲ့ ဆုံးဖြတ်ချက် အပိုဒ် ၁၀ မှာ ကျနော်တို့ ရခိုင်လူမျိုးတွေနဲ့ ပတ်သက်တဲ့ အန္တရာယ်ဖြစ်မယ့် အချက်အလက်တွေ အများကြီးတွေ့ရတယ်၊ ဥပဒေအတိုင်း မဆောင်ရွက်ဘဲနဲ့ နိုင်ငံတကာ ဖိအားတစ်ခုနဲ့ နိုင်ငံသားပြုခွင့် ပေးရမယ်ဆိုတဲ့ဟာသည် ကျနော်တို့အတွက် အန္တရာယ်များတယ်၊ ဒီအန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ကျနော်တို့ ကြေညာချက်ဖော်ထုတ်တာပဲဖြစ်ပါတယ်"

အဲဒီသဘောထားကြေငြာချက်ထဲမှာ မြန်မာနိုင်ငံမှာ အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာ "ရိုဟင်ဂျာ"ဆိုတဲ့လူမျိုး မပါရှိတဲ့အတွက် အဲဒီစာတမ်းမှာပါဝင်တဲ့ "ရိုဟင်ဂျာလူနည်းစု"ဆိုတဲ့ စကားလုံးအသုံးအနှုန်းကို ကန့်ကွက်ကြောင်း၊ ကုလသမဂ္ဂအနေနဲ့ တရားမဝင် ကျူးကျော်ဝင်ရောက်နေကြတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီမွတ်စလင်တွေကို နိုင်ငံသားအဖြစ် အပြည့်အဝပေးရန်ဆိုပြီး တောင်းဆိုတာဟာ နိုင်ငံတော်တစ်ခုအတွင်း ဝင်ရောက်စွက်ဖက်မှုမရှိရဆိုတဲ့ ကုလသမဂ္ဂရဲ့အခြေခံမူကို တိုက်ရိုက်ချိုးဖောက်လိုက်တာဖြစ်ကြောင်း ၊ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့သာ နိုင်ငံသားဖြစ်ရေး မဖြစ်ရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်သလို၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေနဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားတွေရဲ့ အမျိုးဘာသာ သာသနာနဲ့ သမိုင်းစဉ်ဆက်က တည်ရှိခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျောက်ကွယ်စေမယ့် မည်သည့်အားထုတ်မှုမျိုးကိုမဆို လုံးဝဆန့်ကျင်ကြောင်း စတဲ့အချက်တွေအပါအဝင် အချက် ၈ ချက်ပါရှိပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်နဲ့ အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီတွေရဲ့ သဘောထားအမြင်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။