လူ့အခွင့်အရေးကော်မရှင်ကို တရားစွဲမည်
2016.09.22

အိမ်အကူမိန်းကလေး ၂ ယောက်ကို လုပ်ခလစာမပေးဘဲ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေရဲ့ ကျူးလွန်မှုကို ငွေကြေးပေးပြီး ကျေအေးဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ကို တရားစွဲမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို မှုခင်းထိန်ချန်မှုနဲ့ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တရားစွဲဆိုနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတထံ တရားစွဲဆို ခွင့်ပြုမိန့် တောင်းခံမှာဖြစ်ပါတယ်။
ကော်မရှင် အဖွဲ့ဝင်တွေဟာ အလုပ်တာဝန်ထမ်းဆောင်စဉ် ဖြစ်ပွားခဲ့တာကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇ အရ တရားစွဲဆို ခွင့်ပြုမိန့် တောင်းခံရတာလို့ ပြောပါတယ်။
နှစ်နဲ့ချီပြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ မိန်းကလေး ၂ ဦးကို စုစုပေါင်း လျော်ကြေးငွေ သိန်းငါးဆယ်ကျပ်နဲ့ ကျေအေး ဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ညှိနှိုင်းပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေကို လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့နဲ့ လူကယ်ပြန်ဝန်ကြီးဌာနတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ၊ ကလေးသူငယ်ညှဉ်းပမ်းနှိပ်စက်မှုဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။
ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။