ရှေ့နေ ဦးရောဘတ်စန်းအောင် Martin Ennal လူ့အခွင့်အရေးဆု လက်ခံ
2015.10.07

မြန်မာနိုင်ငံက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ တရားရုံးချုပ်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့တွေက အောက်တိုဘာလ ၆ ရက်နေ့၊ ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့မှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ချီးမြှင့်လေ့ရှိတဲ့ မာတင်အန်နာ ဆန်ကာတင်ဆု ( Martin Ennal Nominees award ) အပ်နှင်းလိုက်ပါတယ်။
ဒီဆုကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အပါအဝင် ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ ၁ဝ ဖွဲ့က တစ်ကမ္ဘာလုံးက အမည်စာရင်းတင်သွင်းလာသူ တစ်ရာကျော်ထဲက ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။
ဦးရောဘတ်စန်းအောင်နဲ့အတူ အာရပ်စော်ဘွားများနိုင်ငံက ရှေ့နေတစ်ဦးနဲ့ ဂါနာနိုင်ငံက အမျိုးသမီးရှေ့နေ တစ်ဦးတို့လည်း ဆုရရှိခဲ့ကြပါတယ်။ ဆုချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး ဦးရောဘတ်စန်းအောင်က RFA ကို အခုလိုပြောပါတယ်။
"မြန်မာနိုင်ငံက အခုထိမလွတ်မြောက်သေးတဲ့ ဒီမိုကရေစီအရေးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြ တဲ့ နော်အုန်းလှတို့၊ ကိုနေမျိုးဇင်တို့၊ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်တို့၊ မဖြိုးဖြိုးအောင်တို့ စတဲ့ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုအပေါ်မှာ ကျနော်တို့ကလည်း လိုက်ပါဆောင်ရွက်နေခြင်းကို အသိအမှတ်ပြုတာပါ၊ ပြည်သူတွေရဲ့ တက်ကြွလှုပ်ရှားမှုတွေကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့အနေနဲ့ ကျနော်တို့ကို ဆုချီးမြှင့်ခြင်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံထဲက ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဟာ အရေးကြီးတဲ့ အဆင့်မှာ ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲလို့ ကျနော်မြင်တွေ့ခံစားရတဲ့အတွက် ဝမ်းသာမိ ပါတယ်"
ဒီဆုကို ဆွစ်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ချီးမြှင့်ပြီးတဲ့နောက် ဆုရှင်တွေကို ဗြိတိန်၊ဘရာဇီးနဲ့ အမေရိကန်နိုင်ငံတွေ ကိုစေလွှတ်ပြီး လူ့အခွင့်အရေးမြှင့်တင်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရပိုင်းတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံဖို့လည်းရှိပါတယ်။
ဂျီနီဗာမြို့ကို ရောက်ရှိနေတဲ့ ဦးရောဘတ်စန်းအောင်နဲ့ ရောက်ရှိနေတဲ့ ဆက်သွယ်မေးမြန်းချက်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။