ဒေါ်အောင်ဆန်းစုကြည် ကို ဒူတာတေး တောင်းပန်ပြီးဟုဆို
2018.04.21

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်နေတယ်လို့ ပြောဆိုခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးအနေနဲ့ မြန်မာနိုင်ငံကို တောင်းပန်ပြီး ဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာန အာဆီယမ်ရေးရာ ဒုတိယဝန်ကြီး Maria Hellen dela Vega က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
သမ္မတ ဒူတာတေးဟာ လာမယ့် ဧပြီလ ၂၇-၂၈ စင်္ကာပူမှာ ပြုလုပ်မယ့် ၃၂ ကြိမ်မြောက် အာဆီယမ်ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတာကြောင့် လူကိုယ်တိုင်တောင်းပန်ဖို့ ရှိသလားလို့ သတင်းထောက်တွေကမေးမြန်းခဲ့တာပါ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဒုဝန်ကြီးက ခေါင်းဆောင်တွေအနေ နဲ့ ထိပ်သီးအစည်းအဝေးမှာ ဘာတွေပြောဆိုကြမယ်ဆိုတာ မမှန်းနိုင်ပါဘူးလို့ ပြောပါတယ်။
ဒူတာတေးက မြန်မာနိုင်ငံက ကိစ္စကို ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူ က ဒူတာတေးဟာ မြန်မာနိုင်ငံအကြောင်း ဘာမှမသိဘဲပြောနေတယ်လို့ တုံ့ပြန်လိုက်ချိန်မှာ ပြန်ပြီး တောင်းပန်ခဲ့ ပါတယ်။ သူက မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်နေတာ မဟုတ်ပါဘူး။ ကျနော့် ပြောဆိုချက်ကို ကြည့်ရင် သရော်တဲ့ ပုံစံ သဘောမျိုးပြောနေတာ တွေ့မြင်နိုင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ တကယ်က ဥရောပနိုင်ငံတွေဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုပဲ လက်ညိုးထိုးနေတာဖြစ်ပြီး ရိုဟင်ဂျာတွေအတွက် ဘာမှထိထိ ရောက်ရောက် ကူညီတာမျိုးမရှိတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒူတာတေးက ရိုဟင်ဂျာတွေကို သူ့နိုင်ငံက လက်ခံမယ်လို့လည်းပြောခဲ့ပါတယ်။