Facebook, Twiiter, Google တာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေ့ဆုံ
2019.05.10
လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ဟာ ပြီးခဲ့တဲ့ မေလ ၈ ရက်နဲ့ ၉ ရက် နေ့တွေက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ Facebook, Twiiter နဲ့ Google လူမှု မီဒီယာကုမ္ပဏီတွေက ထိပ်ပိုင်း အရာရှိတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လူမှုမီဒီယာတွေကနေ အမုန်းစကားတွေ ဖြန့်ချိနေတာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွစ်တာ ကုမ္ပဏီက အရာရှိတွေနဲ့ တွေ့ဆုံရာမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အခုအချိန်ထိ တွစ်တာ ဆက်လက် သုံးစွဲခွင့်ပြုထားတဲ့ ကိစ္စကို ကန့်ကွက်ပြီး သူ့ အကောင့်စာရင်းကို ပိတ်ပစ်ဖို့ တိုက်တွန်းခဲ့ကြောင်း နဲ့ တွစ်တာကလည်း အရေးယူဆာင်ရွက်မယ်လို့ ပြန်လည်ပြောကြားခဲ့ကြောင်း သိရပါတယ်။
ဖေ့စ်ဘွတ် ကုမ္ပဏီက အရာရှိတွေနဲ့ တွေ့ဆုံရာမှာ မြန်မာပြည်မှာ ဖေ့စ်ဘွတ်ရဲ့ သြဇာ အင်မတန် ကြီးမားကြောင်းနဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ဖေ့စ်ဘွတ်ကို အစွန်းရောက်တွေက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြောင်းနဲ့ ဖေ့စ်ဘွတ်အနေနဲ့ တိုးတက်လုပ်ဆောင်နေတယ် ဆိုပေမယ့် အမုန်းစကား ဖြန့်ချိမှုကို ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိသေးကြောင်း၊ မြန်မာနိုင်ငံအတွက် လက်ရှိ ဝန်ထမ်းဦးရေထက် ပိုမို ခန့်ထားဖို့လိုကြောင်းနဲ့ ပြည်တွင်းက လူမှုအဖွဲ့အစည်းတွေနဲ့ ပိုမို ထိတွေ့ဆက်ဆံဖို့လိုကြောင်း စတဲ့အချက်တွေကို ပြောဆိုခဲ့တယ်လို့ ဦးထွန်းခင်က RFA ကို ပြောပါတယ်။
ဖေ့စ်ဘွတ်ကုမ္ပဏီ နဲ့ ဂူဂဲလ် အရာရှိတွေကလည်း မြန်မာနိုင်ငံဆိုင်ရာ ပြဿနာကို ပိုမို အလေးထား ကိုင်တွယ်ဆောင်ရွက်မယ်လု့ိ ပြန်လည်ပြောဆိုခဲ့ကြောင်း သိရပါတယ်။