စစ်ခေါင်းဆောင် ခြောက်ဦးကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေအဖြစ် အာဂျင်တီးနားတရားရုံးမှာ တင်သွင်း
2021.12.17

နိုင်ငံတကာဥပဒေတွေအရ အလွန် ဆိုးဝါးရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်နိုင်ငံတရားရုံးကမဆို တရားစွဲဆိုပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ Universal jurisdiction သဘောတရားအရ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ မြန်မာတပ်မတော်ခေါင်းဆောင်အတွက် အာဂျင်တီးနားနိုင်ငံ ဘွေနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။
မြန်မာရိုဟင်ဂျာများအသင်း ယူကေကနေ စွဲဆိုခဲ့တဲ့ ဒီအမှုအတွက် အသိသက်သေတွေကို ကြားနာစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ရက်က စတင်ခဲ့ရာမှာ၊ မြန်မာရိုဟင်ဂျာအသင်း ယူကေက ဦးထွန်းခင်က ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ရှင်းလင်းရေးစစ်ဆင်ရေး ဆောင်ရွက်စဉ်က အဖြစ်အပျက်တွေအကြောင်းကို တက်ရောက် ထွက်ဆိုခဲ့တဲ့အကြောင်း ပြောပါတယ်။
ဒီဇင်ဘာလ ၁၆ရက်နေ့က ကြားနာစစ်ဆေးမှုမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချပ်ပြင်ရွာမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုမှာ စစ်သားတွေဟာ လူရာနဲ့ ချီ သတ်ဖြတ်ခဲ့ပြီး ရိုဟင်ဂျာအမျိုးသမီးတွေကိုလည်း လိင်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း ကိုယ်တွေ့ကြုံခဲ့တဲ့ အမျိုးသမီး ခြောက်ဦးရဲ့ ထွက်ဆိုချက်တွေကိုလည်း တင်သွင်းခဲ့ပါတယ်။
ဒီအမှုမှာ အာဏာသိမ်းစစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ အထူးစစ်ဆင်ရေး အမိန့်ပေးခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မောင်မောင်စိုး၊ တပ်မ ၃၃ ရဲ့ တပ်မမှုး ဗိုလ်မှုးချုပ် အောင်အောင် နဲ့ တပ်မ ၉၉ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦးတို့ ခြောက်ဦးကို ပြစ်မှုကျူးလွန်သူတရားခံတွေအဖြစ် နာမည် စာရင်းတင်သွင်းထားတယ်လို့ ဦးထွန်းခင်က ပြောပါတယ်။
အလားတူပဲ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် မုန်းတီးရေး စိတ်ဓာတ်တွေ ပြန့်ပွားနေရာမှာ အထောက်အပံ့ဖြစ်စေခဲ့ပြီး တားဆီးဖို့ ကြိုးစားတာလည်း မရှိတဲ့အတွက် ဖေ့စ်ဘွတ်ကုမ္ပဏီမှာလည်း တာဝန်ရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ ဦးထွန်းခင်က ပြောပါတယ်။
အာဂျင်တီးနား တရားရုံးဟာ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေအားလုံးအတွက် သက်သေအထောက်အထားတွေ စုဆောင်းသိမ်းဆည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM နဲ့လည်း ဆက်သွယ်ဆောင်ရွက်နေပြီး၊ IIMM ကနေ မှတ်တမ်းတင်ထားတဲ့ သက်သေအထောက်အထားတွေကိုလည်း ရုံးတင်စစ်ဆေးရာမှာ အသုံးပြုသွားမယ်လို့ ဦးထွန်းခင်က ပြောပါတယ်။
လက်ရှိအချိန်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာ့တပ်မတော်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ငြင်းမရအောင် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ အမြောက်အမြားရှိနေတဲ့အတွက် သူတို့ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး စီရင်ချက်ချနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ဦးထွန်းခင်က ပြောပါတယ်။

တရားရုံးက စီရင်ချက်ချပြီးတဲ့အခါ စစ်ခေါင်းဆောင်နဲ့တာဝန်ရှိသူတွေ မြန်မာနိုင်ငံ နယ်နိမိတ်အပြင်ကို ထွက်ခွာရုံနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့အင်တာပိုကနေ ဖမ်းဆီးခွင့်ရှိမှာ ဖြစ်တယ်လို့ ဦးထွန်းခင်က ပြောပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအတွက် အာဂျင်တီးနားတရားရုံးကနေ တရားစွဲဆိုပြီး စစ်ဆေးစီရင်ခွင့်ရရှိစေတဲ့ Universal jurisdiction သဘောတရားကို လက်တွေ့ကျင့်သုံးခဲ့တဲ့ သာဓကတွေ အမြောက်အမြားရှိတဲ့အထဲမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေအတွက် တာဝန်ရှိတဲ့ နာဇီခေါင်းဆောင် အေဒေါ့ဖ် အိုက်ခမန်းကို အစ္စရေးထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေက သူရောက်နေတဲ့ အာဂျင်တီးနားနိုင်ငံကနေ အာဂျင်တီးနားအစိုးရ မသိအောင် တိတ်တဆိတ် ဖမ်းဆီးခေါ်ဆောင်ပြီး တရားစီရင်နိုင်ခဲ့တဲ့ ဖြစ်ရပ်ဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။