သုံးနှစ်အတွင်း ဧရာဝတီတိုင်းထဲ ဝင်လာတဲ့ ရိုဟင်ဂျာ သုံးရာကျော် ဖမ်းဆီးခံခဲ့ရ
2021.01.19

၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်အတွင်း ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းထဲ ဝင်လာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာ စုစုပေါင်း ၃၀၇ ဦးရှိတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ စာရင်းအရ သိရပါတယ်။
သုံးနှစ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့အထဲက တချို့ကို အမှုဖွင့်ပြီး တချို့ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ထွန်းရွှေ က RFA ကို ပြောပါတယ်။
“သုံးနှစ်အတွင်းမှာ တချို့ကိုလည်း လဝက အက်နဲ့ တရားစွဲတယ်။ တချို့ကိုလည်း နေရပ်ကို ပြန်ပို့တယ်။ သူတို့ကို သယ်ဆောင်လာတဲ့သူတွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၇ နဲ့ အရေးယူပါတယ်”
၂၀၂၀ ခုနှစ်မှာ ရိုဟင်ဂျာ အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၆၉ ဦး၊ စုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ ရိုဟင်ဂျာ အမျိုးသား ၄၅ ဦးနဲ့ အမျိုးသမီး ၁၀၃ ဦး၊ စုစုပေါင်း ၁၄၈ ဦး၊ ၂၀၁၈ ခုနှစ် မှာတော့ အမျိုးသား ၃၅ ဦးနဲ့ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၅၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေ ပင်လယ်ပြင်မှာ ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာ ခုနစ်ဦးကို နေရပ်ပြန်ပို့ခဲ့ပါတယ်။ သူတို့ကို သယ်ဆောင်လာသူ ငါးဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၃၆၇ နဲ့ အမှုဖွင့်တရားစွဲထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ ဟာ အပြင်းအထန်နာကျင်စေတာ၊ ကျွန်ပြုတာ၊ တစ်ဦးတစ်ယောက်ကို ခိုးယူတာ၊ သွေးဆောင်ခေါ်ယူတာတွေအတွက် အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ ဒီပုဒ်မအရ ပြစ်မှုထင်ရှား မယ်ဆိုရင် အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်တဲ့အပြင် ငွေဒဏ်လည်း ကျခံရနိုင်ပါတယ်။