ဘိုကလေးနဲ့ မော်လမြိုင်ကျွန်းမြို့နယ် ဧရာဝတီမြစ်ထဲမှာ ရိုဟင်ဂျာ ၄၂ ဦးကို ဖမ်းမိ
2020.08.29

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းနဲ့ ဘိုကလေးမြို့နယ်အစပ် ဧရာဝတီမြစ်ထဲမှာ လှေနဲ့အတူ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၄၂ ဦးကို လက်ရှိအချိန်ထိ စစ်ဆေးနေပြီး သူတို့ကိုခေါ်လာတဲ့ လှေသမား ငါးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ နဲ့ အမှုဖွင့်ထားတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က RFA ကို ပြောပါတယ်။
ဖမ်းဆီးရမိသူတွေဟာ ရခိုင်ပြည်နယ်က ထွက်ပြေးလာတာလို့သိရပြီး ဘယ်မြို့နယ်ကလာတယ်၊ သူတို့ ဘယ်ကို သွားမယ်ဆိုတာကို အောက်ခြေက သတင်းမတတ်လာသေးဘဲ စစ်ဆေးနေဆဲဖြစ်တာကြောင့် အတိအကျ မသိရသေးဘူးလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ထွန်းရွှေ က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က မော်လမြိုင်ကျွန်းမြို့နယ်နဲ့ ဘိုကလေးမြို့နယ်အစပ် လှိုင်းဘုန်းအနီးမှာ ဖမ်းမိတာဖြစ်ပြီး စက်လှေပေါ်မှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၃၀ ဦးပါတယ်လို့ သိရပါတယ်။
ဒီလူတွေကို အမှုဖွင့်အရေးယူမလား၊ ပြန်ပို့မလားဆိုတာကို မသိရသေးဘဲ စစ်ဆေးနေဆဲဘဲလို့ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
ဧရာဝတီတိုင်း အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူအင်အား ဝန်ကြီး ဒေါက်တာစိုးဝင်းကို ဆက်သွယ် မေးမြန်းရာမှာတော့ ဒီကိစ္စကို လဝကက မကိုင်ဘဲ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကိုင်တွယ်နေတယ်လို့ ပြောပါတယ်။
လက်တလော သတင်းတွေအရ ဖမ်းမိတဲ့ရေပြင်မှာဘဲ စစ်ဆေးနေတယ်လို့ကြားရသလို ဖျာပုံမြို့ကို ခေါ်သွား တယ်လို့လည်း သတင်းတွေထွက်နေပြီး တိတိကျကျ ပြောဆိုသူ မရှိပါဘူး။
လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်ကို RFA မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ အခြားရပ်ကွက်ကျေးရွာတွေက ရိုဟင်ဂျာ မွတ်စလင်တွေဟာ ၂၀၁၂ က ပဋိပက္ခတွေဖြစ်ပြီးနောက်ပိုင်း စားဝတ်နေရေး၊ ပညာရေး စတဲ့အခက်အတွေကြောင့် ရေလမ်း၊ ကုန်လမ်းတွေ ကနေ နှစ်စဉ်ထွက်ပြေးနေတယ်လို့ လူ့အခွင့်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။
လမ်းတဝက်မှာဘဲ အဖမ်းခံရပြီး တချို့ကို နေရပ်ပြန်ပို့သလို တချို့ကိုလည်း အထောက်အထားမရှိဘဲ ခရီးသွား လာလို့ဆိုပြီး လဝက ဥပဒေတွေနဲ့ တရားစွဲထောင်ချတာတွေရှိပါတယ်။