မောင်‌တောမှာ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာနှစ်ဦး ဖမ်းဆီးခံရ

RFA Burmese
2023.10.16
မောင်‌တောမှာ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာနှစ်ဦး ဖမ်းဆီးခံရ ဘင်္ဂလားဒေ့ရှ်မှ မောင်တောမြို့နယ်သို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာနှစ်ဦးအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
ရခိုင်နေ့စဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မောင်တောမြို့နယ်ကို ပြန်လည်ဝင်ရောက်လာတဲ့ ရိုဟင်ဂျာနှစ်ဦးကို အောက်တိုဘာလ ၁၅ ရက်နေ့က သက္ကယ်ပြင်ရွာအနီး ဆင်ကြီးချောင်းတံတားထိပ်မှာ ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာ ရခိုင်နေ့စဥ်က ရေးသားဖော်ပြထားပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာနှစ်ဦးဟာ အသက် (၆၃) နှစ်အရွယ် မာမတ်ဆေမိန်နဲ့ အသက် (၂၈) နှစ်အရွယ် အဒူရော်မန်တို့ဖြစ်ပြီး မောင်တောမြောက်ပိုင်း ကျွဲတားပြင်နဲ့ သဲချောင်းရွာတွေမှာ နေထိုင်ခဲ့သူတွေဖြစ်ပါတယ်။

သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ပြီး ပြန်လည်ဝင်ရောက်လာချိန်မှာ အဖမ်းခံရတာဖြစ်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ ပြင်ဖြူနယ်မြေခံရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ရခိုင်နေ့စဥ်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၆ ရက်အထိ လဝက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မောင်တောမြို့နယ်ကို ပြန်ဝင်လာချိန် အဖမ်းခံရတဲ့ရိုဟင်ဂျာ စုစုပေါင်းခြောက်ဦးရှိပါပြီ။

အဲဒီအထဲက အောက်တိုဘာလ ၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တဲ့ အသက် (၄၄) နှစ်အရွယ် အဒူရော်မာန်ဆိုသူဟာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်သူဖြစ်တယ်လို့ ရခိုင်နေ့စဥ်ရဲ့ သတင်းဖော်ပြချက်မှာ ရေးသားထားပါတယ်။

အဲဒီထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့နယ်မှာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့က မကြာခဏဖမ်းဆီးပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဥပဒေနဲ့ အရေးယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက်ပြန်ဝင်လာတဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီးခံနေရာတာ လတိုင်းရှိနေပြီး အဲဒီအထဲမှာ ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သွားလုပ်သူတွေအပြင် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး‌ ဆောင်ရွက်မှုကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေလည်း ပါဝင်နေပါတယ်။

အဲဒီအချိန် မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်းရွာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသူတွေထဲက ရိုဟင်ဂျာသုံးဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က မြန်မာပြည်ဘက် ပြန်ဝင်လာချိန် ဒိုးတန်းရွာအနီးမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။