ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာ ခြောက်ဦး ဘူးသီးတောင်မှာ ဖမ်းဆီးခံရ

RFA Burmese
2023.11.08
ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာ ခြောက်ဦး ဘူးသီးတောင်မှာ ဖမ်းဆီးခံရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းမှ ပြန်ဝင်လာသည့် ရိုဟင်ဂျာ ခြောက်ဦးအား တွေ့ရစဉ်။
ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောင်းနားရွာမှာ နိုဝင်ဘာ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းကနေ ပြန်ဝင်လာတဲ့ ရိုဟင်ဂျာ ခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ လုပ်နေတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းကနေ ထုတ်ပြန်ပါတယ်။

ကုတုပါလောင် ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အာမိန်အာလီနဲ့ မိသားစုဝင် ခြောက်ဦးဟာ အဲဒီမှာ စားဝတ်နေရေးခက်ခဲတာကြောင့် အရင်သူတို့ နေထိုင်ခဲ့တဲ့ မြောင်းနားရွာကို ပြန်လာနေချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

လက်ရှိမှာတော့ သူတို့မိသားစုကို ဘူးသီးတောင်မြို့ နယ်မြေ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ဒုက္ခသည်စခန်းမှာ အဆင်မပြေတာကြောင့် မူလနေရာပြန်လာသူတွေကို အခုလို ဖမ်းဆီးထောင်ချဖို့ ကြိုးစားတာ မဖြစ်သင့်ဘူးလို့ စစ်တွေမြို့နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ကတော့ ခိုးဝင်လာတယ်ဆိုပြီး ခေါင်းစဉ်တပ်တာပေါ့။ ဒါက မမှန်ပါဘူး။ သူတို့ဟာ ဒီရခိုင်ဒေသမှာမွေးပြီး ရခိုင်ဒေသမှာ ကြီးကြတာပါ။ ၂၀၁၇ ခုနှစ်က နေထိုင်လို့ မရတော့လို့ ခဏထွက်ပြေးသွားကြတာလေ။ အခု ဒေသတည်ငြိမ်နေတယ်ဆိုတော့ သူ့နေရာသူ ပြန်လာကြတာပေါ့။ ဒီအပေါ်မှာ အခုလို ဖမ်းဆီးတရားစွဲ ထောင်ချတာ ကတော့ မဖြစ်သင့်ဘူးလို့မြင်ပါတယ်”

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကိုသွားဖို့ ရခိုင်ပြည်နယ်ထဲကိုဝင်လာတဲ့ ရိုဟင်ဂျာ ၂၁ ဦး ရသေ့တောင် မြို့နယ် ဒုံးပိုက်ရွာအနီးက ပင်လယ်ပြင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အခုလို ရိုဟင်ဂျာတွေကို ဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ သတင်းတစ်ပတ်အတွင်း မလေးရှားနိုင်ငံကို သွားဖို့ကြိုးစားရင်း ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၂၂၆ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။