ရိုဟင်ဂျာဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ် ဆက်ထောက်ပံ့မည်
2024.08.18

ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးနဲ့ အဝတ်အထည် ပြည်ပတင်ပို့ရေးလုပ်ငန်းတွေကို အထောက်အကူပေးမယ်လို့ မူဝါဒရေးရာ ပထမဆုံးမိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ်က သြဂုတ် ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းလောက်ရှိပြီး အများစုဟာ ၂၀၁၇ မှာ စစ်တပ်က ဖြိုခွင်းတဲ့အတွက် အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးလာသူတွေဖြစ်တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။
သူ့အစိုးရဟာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ဆက်လက် ထောက်ပံ့မှာဖြစ်ပြီး လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိနဲ့ လူ့အခွင့်အရေးအပြည့်အဝနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဆောင်ဖို့ လိုအပ်တယ်လို့ မိုဟာမက်ယူနွတ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်စက်ရုံပေါင်း ၃၅၀၀ ရှိပြီး နှစ်စဉ်ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံရဲ့ ၈၅ ရာခိုင်နှုန်းဟာ အထည်ချုပ်လုပ်ငန်းက ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရာထူးကပြုတ်ကျစေတဲ့ ပြည်တွင်း မငြိမ်မသက်မှုအတွင်း အထည်လုပ်ငန်းတချို့ တခြားကို ပြောင်းရွှေ့သွားခဲ့ပါတယ်။