မုန်တိုင်းကြောင့် စစ်တွေမြို့နယ်က ရိုဟင်ဂျာဒုက္ခသည် လေးရာနီးပါး သေဆုံး

2023.05.16
မုန်တိုင်းကြောင့် စစ်တွေမြို့နယ်က ရိုဟင်ဂျာဒုက္ခသည် လေးရာနီးပါး သေဆုံး မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Screenshot: Aung Kyaw Moe Video

မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားပြင်းဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က သေဆုံးတဲ့ ရိုဟင်ဂျာဒုက္ခသည် လေးရာနီးပါးခန့် ရှိနိုင်တယ်လို့ မြေပြင်မှာ အချက်အလက်စုဆောင်းနေသူတွေနဲ့ NUG ရဲ့ ရိုဟင်ဂျာအရေးအကြံပေးအဖွဲ့က RFA ကို ဒီနေ့ ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ သက်ကြီးရွယ်အို အများစုပါဝင်တယ်လို့ ကွင်းဆင်းအချက်အလက် ကောက်ယူနေသူ စေတနာ့ဝန်ထမ်း မွတ်စလင် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ သေဆုံးသူ ၄၀၀ ခန့်မှာ တချို့ အလောင်းပြန်ရပြီး တချို့ ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်အပါအဝင် လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေမှာလည်း စစ်တွေမြို့နယ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ သေဆုံးသူ ၄၀၀ ခန့် ရှိကြောင်း ရေးသားဖော်ပြကြပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေတစ်မြို့နယ်တည်းကတင် ရိုဟင်ဂျာ ဒုက္ခသည် လေးရာနီးပါး သေဆုံးပြီး ရုပ်အလောင်းတချို့ ပျောက်ဆုံးနေဆဲလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ရိုဟင်ဂျာအကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက ဒီနေ့မနက်ပိုင်းက RFA ကို ပြောပါတယ်။

"ဟုတ်ပါတယ်။ ၄၀၀ သေဆုံး၊ ပျောက်ဆုံးနေပါတယ်။ ဒါက စစ်တွေတစ်ခုတည်း။ အလောင်းတွေက လမ်းပေါ်မှာ၊ သစ်ပင်အောက်တွေမှာ တွေ့နေရပါတယ်။ အခုထိ ရှာဖွေကယ်ဆယ်တာ မလုပ်နိုင်သေးဘူး၊ အလောင်းတွေလည်း မကောက်နိုင်သေးဘူး။ စခန်းတွေ အကုန် ဆိုးဆိုးရွားရွား ပျက်စီးကုန်တာပဲ"

မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေက လတ်တလောတွေ့ရှိတဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ ရုပ်အလောင်းတွေရဲ့ အခြေအနေအရ ဒီအရေအတွက်ကို ခန့်မှန်းပြောဆိုတာဖြစ်ပြီး လက်တွေ့မှာ ဒီထက် ပိုများနိုင်တယ်လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဒုက္ခသည် စခန်းပေါင်း ၂၁ ခု ရှိပြီး၊ စစ်တွေမြို့နယ်က စခန်း ၁၃ ခုမှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းနှစ်သောင်း ခိုလှုံနေတာပါ။

ဒုက္ခသည်စခန်းက နေအိမ်အားလုံးဟာ အစကတည်းက ဖြစ်သလိုဆောက်ထားတဲ့ တဲအိမ်တွေဖြစ်တာကြောင့် အားပြင်းမုန်တိုင်းဝင်ချိန်မှာ တဲအိမ်အားလုံးနီးပါး ပြိုကျပျက်စီးသွားတယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင်က ပြောပါတယ်။

"ရိုဟင်ဂျာ ဒုက္ခသည်စခန်းအများစုဟာ မုန်တိုင်းကိုရှောင်ဖို့ အချိန်မရလိုက်တာပေါ့။ ရှောင်ဖို့ Shutter တွေ မရှိတဲ့အခါ ဒီလို အသက်ဆုံးရှုံးရတယ်။ နေအိမ်တွေအကုန် ပျက်စီးရတယ်။ ဒုက္ခသည်စခန်းတွေဆိုတာ အမိုးဖွင့် အကျဉ်းထောင်ပဲလေ"

ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ရိုဟင်ဂျာဒုက္ခသည် နှစ်သိန်းလေးသောင်းကျော်ရှိပြီး စစ်တွေနဲ့ တခြားမြို့နယ်က ယာယီစခန်းတွေမှာ ခိုလှုံနေရတာပါ။ စခန်းအများစုဟာ ပင်လယ်နဲ့ နီးစပ်တဲ့နေရာတွေမှာ ဆောက်ထားတာလို့လည်း စစ်တွေမြို့ခံတွေက ပြောပါတယ်။

လတ်တလော ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အခြေအနေတွေ ရှုပ်ထွေးနေပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထံ စစ်ကောင်စီနဲ့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့တွေ လုံလုံလောက်လောက် မရောက်သေးဘဲ မွတ်စလင်အသိုက်အဝန်းက စေတနာ့ဝန်ထမ်း စာရင်းကောက်ယူသူ အနည်းငယ်သာ ရှိသေးတယ်လို့ မြေပြင်ကွင်းဆင်းနေသူတစ်ဦးက RFA ကို ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့က အကြီးဆုံးဆက်သွယ်ရေးတာဝါတိုင် ကျိုးကျပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းအရ ရခိုင်၊ ဧရာဝတီ၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုခါမုန်တိုင်းကြောင့် မေလ ၁၅ ရက် မနေ့ကအထိ သေဆုံးသူ ၃၀ ဦး ရှိနေပါပြီ။

အဲဒီအထဲမှာ ဒီနေ့ စာရင်းရရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၄၀၀ နီးပါး မပါဝင်သေးပါဘူး။ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သေဆုံး၊ ပျောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး အတိအကျ သိနိုင်ဖို့ RFA က ကြိုးစားနေပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။